တောင်ကိုရီးယာနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ အမေရိကန်၏ B-1B အကြီးစားဗုံးကြဲလေယာဉ်ပါ ပါဝင်မည် 

တောင်ကိုရီးယာနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ အမေရိကန်၏ B-1B အကြီးစားဗုံးကြဲလေယာဉ်ပါ ပါဝင်မည် 

နိုဝင်ဘာလ ၅ ရက်

တောင်ကိုရီးယားနှင့်အတူ လုပ်ဆောင်နေဆဲ လေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၏ တာဝေး အကြီးစားဗုံးကြဲလေယာဉ်ပါ စနေနေ့တွင် ပါဝင်မည် ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။  

မြောက်ကိုရီးယား၏ ဒုံးကျည်တွဲများ ပစ်လွှတ်သည့်နောက်၌ အင်အားပြသခြင်းအနေဖြင့် ယခုကဲ့သို့ B-1B အကြီးစား ဗုံးကြဲလေယာဉ်ပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လာခြင်း ဖြစ်သည်။ 

မြောက်ကိုရီးယားနိုင်ငံသည် တိုက်ချင်းပစ် ဒုံးကျည်အပါအဝ်င ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တို့တွင် ဒုံးကျည်များ အမြောက်အမြား ပစ်လွှတ်ခဲ့ရာ၌ ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ပြီးစီးသည့်နောက်ပိုင်း ပထမဆုံးအဖြစ် ဒုံးကျည်တစ်စင်းက တောင်ကိုရီးယား ရေပြင်ထဲ ကျရောက်ခဲ့သည်။ 

ယခု ပစ်လွှတ်မှုများဖြင့် မြောက်ကိုရီးယားက အဆုံး၌ နျူကလီးယား စမ်းသပ်လာနိုင်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က သတိပေးထားပြီး တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့၏ အကြီးဆုံး လေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စနေနေ့အထိ တိုးချဲ့ခဲ့ခြင်း ဖြစ်သည်။ 

ကနဦးက ယခုသီတင်းပတ် တနင်္လာနေ့မှ သောကြာနေ့အထိ လုပ်ဆောင်ရန် လျာထားခဲ့သော Vigilant Storm အမည်ရ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ထပ်တိုးသည့် နောက်ဆုံးရက် စနေနေ့တွင် အမေရိကန်လေတပ်မှ B-1B Lancer ဗုံးကြဲလေယာဉ် ပါဝင်မည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောခြင်း ဖြစ်သည်။ 

“နေ့လယ်ပိုင်း စစ်ရေးလေ့ကျင့်မှုမှာ B-1B လေယာဉ်ပါ ပါဝင်လာဖို့ ရှိတယ်”ဟု ယင်း တာဝန်ရှိသူက အသေးစိတ် မဆိုဘဲ ပြောသည်။ 

တင်းမာမှု မြင့်တက်ချိန်က ကိုရီးယားကျွန်းဆွယ်ဆီနှင့် အနီးဆီ စေလွှတ်သော B-1B နှင့် လေယာဉ်တင်တိုက်ခိုက်ရေးသင်္ဘောအုပ်စုကဲ့သို့ အမေရိကန်၏ မဟာဗျူဟာမြောက် လက်နက်များ ဖြန့်ကြက်ခြင်းအတွက် ယခင်က မြောက်ကိုရီးယားသည် ထုံးစံအားဖြင့် စိတ်ဆိုးအမျက်ထွက်ခဲ့သည်။ 

အသံထက်မြန် B-1B သည် နျူကလီးယားလက်နက်များကို မသယ်ဆောင်နိုင်သော်လည်း “အမေရိကန်၏ တာဝေးဗုံးကြဲလေယာဉ်တပ်စု၏  ပင်မကျောရိုးဖြစ်သည်”ဟု အမေရိကန်လေတပ်က ရည်ညွှန်းပြောဆိုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly