ရုရှထုတ် Sukhoi Su-30 တိုက်လေယာဉ်များ မြန်မာစစ်တပ် စတင် ရရှိ 

ရုရှထုတ် Sukhoi Su-30 တိုက်လေယာဉ်များ မြန်မာစစ်တပ် စတင် ရရှိ 

November 5

မြန်မာစစ်တပ်သည် ရုရှထုတ် တိုက်ခိုက်ရေး တိုက်လေယာဉ်များ ပေးပို့မှုကို စတင်လက်ခံရရှိကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ရပ်က သောကြာနေ့တွင် ပြောပြီး မြန်မာပြည်သူများအား စစ်အာဏာသိမ်းအုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲပြောဆိုထားချိန်တွင် ရုရှနိုင်ငံမှ ယခုကဲ့သို့ စစ်ပစ္စည်းများ ပေးပို့လာခြင်းလည်း ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရ လက်ထက် ၂၀၁၈ ခုနှစ်က မြန်မာစစ်တပ်သည် ရုရှထံမှ Sukhoi Su-30 တိုက်လေယာဉ် ခြောက်စင်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ရုရှနိုင်ငံပိုင် မီဒီယာအရ သိရသည်။ 

စစ်တပ် တည်ထောင်သော နေပြည်တော်မြို့တော်တွင် အဆိုပါ တိုက်လေယာဉ်များမှ အနည်းဆုံး တစ်စင်း ရှိနေသည်ကို ကောင်းကင်ဓာတ်ပုံ အချက်အလက်များ၊ ပျံသိန်းမှု စောင့်ကြည့်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တို့က “ယုံယုံကြည်ကြည် အတည်ပြုထားကြောင်း” စောင့်ကြည့်ရေးအဖွဲ့ Myanmar Witness က ပြောသည်။ 

အဆိုပါ ဂျက်လေယာဉ်သည် လေ့ကျင့်သင်တန်းပေးနေခြင်းလား၊ မစ်ရှင်များတွင် ပျံသန်းနေခြင်းလားဆိုသည်ကိုမူ အတည်မပြုနိုင်ပေ။ 

ရုရှ သင်တန်းပေးသူများနှင့် နည်းပညာရှင်များနှင့်အတူ ဘက်စုံသုံး ထိုင်ခုံနှစ်လုံးတပ် တိုက်လေယာဉ် လေးစင်းမှ ခြောက်စင်းကြား မြန်မာနိုင်ငံသို့ ရောက်ရှိကြောင်း ပြည်တွင်းသတင်းများက ယခင်က ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် ယင်း တိုက်လေယာဉ်များ မည်မျှ ရှိသည်ဆိုခြင်းနှင့် အရောင်းအဝယ်အကြောင်းကို စစ်တပ်က မှတ်ချက်ပေး ပြောဆိုခြင်း မရှိပေ။ 

ရုရှ၏ ယူကရိန်းအား ကျူးကျော်မှုက “တရားမျှတသည်” ဟု ပြောဆိုထားသော မြန်မာစစ်အာဏာသိမ်းအုပ်စုအတွက် ရုရှသည် အဓိက လက်နက်ထောက်ပံ့သူနှင့် ကျောထောက်နောက်ခံပြုသည့် နိုင်ငံဖြစ်သည်။ 

ရုရှထုတ် KA-29TB တိုက်ခိုက်သယ်ပို့ ရဟတ်ယာဉ်တစ်စင်းသည် မြောက်ပိုင်းစစ်ကိုင်းက စစ်ဆင်ရေးများ၌ ပါဝင်နေသည့် ဓာတ်ပုံများကို ရရှိကြောင်း အောက်တိုဘာလအတွင်းက Janes သတင်းဌာနက ဖော်ပြသည်။ 

အဆိုပါ ရဟတ်ယာဉ်သည် ယခုနှစ် အစောပိုင်းက မြန်မာစစ်တပ် ဝယ်ယူရန် သဘောတူထားသော ငါးစင်းမှ တစ်စင်းဖြစ်ပုံရသည်ဟု ဒေသတွင်း ထောက်လှမ်းရေးရင်းမြစ်ကို ကိုးကားပြီး Janes သတင်းက ဆိုသည်။ 

ပြီးခဲ့သည့်နှစ် အာဏာသိမ်းပြီးနောက်တွင် ခုခံတော်လှန်မှုများကို ဖြိုခွင်းရန် စစ်အာဏာသိမ်းအုပ်စုသည် ကျားကုတ်ကျားခဲ ကြိုးပမ်းလျက် ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly