ထီးလင်းနယ်တွင် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးဟုဆို 

ထီးလင်းနယ်တွင် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးဟုဆို 

November 4

ကော်သူးလေ(မဇ္ဈိမ)။      ။ မကွေးတိုင်း၊ ထီးလင်းမြို့နယ် နှစ်ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးကြောင်း ဂန့်ဂေါခရိုင်အမှတ် (၂/၄/၁၀) တပ်ရင်းအမှတ် (၁) စစ်ဒေသတိုက်ပွဲသတင်းအချက်အလက်များအရ သိရသည်။ 

အောက်တိုဘာလ ၃၁ ရက် ထီးလင်းမြို့ပေါ်မှ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထွက်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား PDF-HTILIN ပြည်သူ့ကာကွယ် ရေးရဲဘော်များမှ တိုက်ခိုက်ကြခြင်းဖြစ်သည်။ 

ထိုစစ်ကောင်စီတပ်သားနှင့်ပျူစောထီးများသည် ၃၁ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်အချိန် စခန်းကြီးဇရပ်နှင့် ပါးမျဉ်းလမ်းခွဲကြားတွင် အသင့်စောင့်စောင်းနေသည့် ကာကွယ်ရေးတပ်ဖွဲ့များက တာလတ်ပစ်လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခတ်ပြီးလက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ကာ ပထမဆုံးထိတွေ့မှုစတင်ခြင်း ဖြစ်သည်။ 

"မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်သားများသည် စခ(စကစတပ်သား)များနှင့် ထိပ်တိုက်အပြန်အလှန်ပစ်ခတ်ရင်း ကျည်အင်အားနည်းလာချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၄၅ မိနစ် အကြာတွင် လက်နက်အင်အား မမျှသဖြင့် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကာပစ်ပေးပြီး တိုက်ပွဲမှ ဆုတ်ခွာခဲ့ကြပါသည်” ဟု တိုက်ပွဲကြာချိန်နှင့် ပြန်လည်ဆုတ်ခွာလာရပုံကိုPDF-HTILINက တိုက်ပွဲသတင်းအသေးစိတ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဘက်မှ ဒရုန်းတစ်စင်းပျက်စီးဆုံးရှုံးကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ 

ထို့နောက် စစ်ကောင်စီတပ် ဆက်လက်ချီတက်လာရာ ကာကွယ်ရေးတပ်ဘက်မှ ထောင်ထားသည့် တိုက်မိုင်းနေရာတွင် မိုင်းပေါက်ကွဲကာ စစ်ကောင်စီတပ်ဘက်မှ အထိနာသွားကြောင်းသိရသည်။ မိုင်းပေါက်ကွဲပြီးချိန်တွင် ကစင့်ကလျားဖြစ်နေသော အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ကာကွယ်ရေးတပ်ဘက်မှ ၁၅ မိနစ်ကြာ ထပ်မံပစ်ခတ်ခဲ့သည်။ တိုက်ပွဲအပြီး အင်အားသာလွန်သည့် စစ်ကောင်စီတပ်သည် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ် ၁၄ စီးအား မီးတင်ရှို့ကာ ညနေပိုင်းတွင် ကျားခဲရွာသို့ ဝင်ရောက်ပြီး ရွာအတွင်းမှ ပြည်သူပိုင် ကြက်များ၊ ဝက်များအား သတ်ဖြတ်စားသောက်ကာ ကျားခဲရွာတွင် ညအိပ်စခန်းချခဲ့ကြသည်။ 

နောက်ရက် နိုဝင်ဘာ ၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ကျားခဲရွာမှနေအိမ်များအား စစ်ကောင်စီတပ်က မီးတင်ရှို့ချိန် ကာကွယ်ရေးတပ်များ အသင့်ထောင်ထားသည့် ပေပါမိုင်းအကြီးများ ၊ စီးရီးမိုင်းများ ဖောက်ခွဲတိုက်ခိုက်ခံရပြီး ဒဏ်ရာရစစ်ကောင်စီတပ်သားများအား သယ်ဆောင်ကာ ထီးလင်းမြို့သို့ တစ်ကြောင်း ၊ပါးမျဥ်းရွာသို့ တစ်ကြောင်း စစ်ကြောင်း နှစ် ကြောင်းခွဲကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သားများပြန်ထွက်ခွာအပြီးတွင် ကျားခဲရွာမှ မီးလောင်ကျွမ်းနေသည့် နေအိမ်များအား ကာကွယ်ရေးတပ်ဖွဲ့များက မီးငြိမ်းသတ်ရာ နေအိမ် ကိုးလုံးကိုမီးငြိမ်းနိုင်ပြီး နေအိမ် ၁၄ လုံးမှာ မီးလောင်ကျွမ်းသည့်အထဲ ပါသွားကြောင်း ထုတ်ပြန်ချက်အရသိရသည်။ 

ထို့နောက်နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဘက်မှ မှတ်တမ်းစာအုပ်ထဲတွင် ဒုတက -သက်စိုးဦး (တ-၃၂၂၉၈၅) ကျဆုံးမှုအား PDF-Htilin နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားသော ၂၀၂၂ အောက်တိုဘာလ ၃၁ရက်နေ့ ရက်စွဲဖြင့် ရေးမှတ်ထားသည်ကို တွေ့ရှိခဲ့ကြရသည်။ 

ထို့အပြင်စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများ ၊ ဆေးဝါးများ၊ ကွန်မန်ဒိုစိန်ပြောင်းပစ်ဗုံးသီး ၊ နောက်ပို့ကျည်များ တွေ့ရှိခဲ့ကြောင်းသိရသည်။  ရွာအထွက်လည်း မိုင်းပေါက်ကွဲသော နေရာများတွင်လည်း သွေးကွက်များ ၊ မိုင်းကွင်းတစ်လျှောက် အဝတ်စများ၊ ဖိနပ်များ နှင့် ခြုံစောင်များ ပြန့်ကျဲနေပြီး အနီးပတ်ဝန်းကျင်ရှိ ဝါးပင်များပေါ်တွင် အက်ျီများတင်နေသည်ကို တွေ့ရှိခဲ့ရပြီး မိုင်းမှန်၍ ပျက်စီးနေသော ၄၀ မမ ဗုံးသီးများ၊ ခါးပတ်၊ Equipments များကိုလည်း တွေ့ရှိခဲ့ရကြောင်း စစ်ရေးသတင်းထုတ်ပြန်ချက်တွင် အသေးစိပ်ရေးသားထားသည်။ 

စစ်ကောင်စီတပ် ထပ်မံဝင်ရောက်ခဲ့သည့် ပါးမျဥ်းရွာ သို့ နယ်မြေရှင်းလင်းရေးဝင်ရောက်ချိန်တွင်လည်း ဘုန်းကြီးကျောင်းမုဂ်ပေါက်ဝအနီး အလောင်းမီးရှို့ထားသော ပြာပုံ နှင့် အရိုးစုကို တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ 

ထိုစစ်ကောင်စီစစ်ကြောင်း ထီးလင်းမြို့ပေါ်အရောက်တွင်  နိုဝင်ဘာ ၂ ရက်နေ့တွင် စစ်ကောင်စီရုပ်အလောင်း လေးလောင်း ၊သုံးရက်နေ့တွင် ငါးလောင်း သင်္ဂြုဟ်ကြောင်း  ​မြို့ခံများဆီပြန်လည်သိရသည့် သတင်းအချက်အလက်ကို PEOPLE'S DEFENCE FORCE-HTILIN (YRPA)က စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

#mizzima
#စစ်ကောင်စီစစ်ကြောင်း 
#ထီးလင်းမြို့နယ်
#ပျူစောထီး
#စစ်ရေးသတင်းထုတ်ပြန်ချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly