ကွတ်ခိုင် KBC ကျမ်းစာကျောင်းအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းသား ၄ ဦး ထိခိုက်

ကွတ်ခိုင် KBC ကျမ်းစာကျောင်းအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းသား ၄ ဦး ထိခိုက်

November 4

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ KBC ကျမ်းစာသင်ကျောင်းဝင်းအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းသား လေးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ည ၈ နာရီခန့်က ကွတ်ခိုင်မြို့တွင်အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ ဗျူဟာကုန်းမှ ရမ်းသန်းပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်သည် ကချင်နှစ်ခြင်းခရစ်ယာန်ကျမ်း စာသင် ကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းသားလေးဦးထိခိုက် ဒဏ်ရာ ရခဲ့ခြင်းဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ဆိုသည်

“ ည ၈ နာရီခွဲလောက်မှာဖြစ်တာ ဟုတ်တယ်။ တိုက်ပွဲဖြစ်တယ်လို့လည်း မကြားမိဘူး။ စစ်တပ်က ရမ်းပစ်နေတာဖြစ်မယ်။ အခုညတင် သုံးကြိမ်လောက်ရှိပြီ” ဟု သတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တစ်ဖက်သတ် ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်ပြီး ကျမ်းစာ ကျောင်းဝင်းအတွင်းရှိ အမျိုးသားဆောင်ကို လက်နက်ကြီးကျည်ထိမှန်ခဲ့သောကြောင့် ကျောင်းသား လေး ဦး ထိခိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ထိခိုက်မှုနှင့်ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရုံးသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်း ထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်မြောက်ပိုင်း

#ကွတ်ခိုင်မြို့

#လက်နက်ကြီးကျည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly