ပုသိမ်အကျဥ်းထောင်တွင် ထောင်ဝင်စာပြန်ပို့ခွင့်ရသော်လည်း ကန့်သတ်မှုများနှင့် စစ်ဆေးမှုများ ပိုမိုပြု လုပ်လာ

ပုသိမ်အကျဥ်းထောင်တွင် ထောင်ဝင်စာပြန်ပို့ခွင့်ရသော်လည်း ကန့်သတ်မှုများနှင့် စစ်ဆေးမှုများ ပိုမိုပြု လုပ်လာ

November 3

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများထံသို့ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ထောင်ဝင်စာပြန်ပို့ခွင့်ရနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်အချိန်က အင်းစိန်အကျဥ်းထောင်၊ ထောင်ဝင်စာလက်ခံသည့် နေရာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ထောင်ဝင်စာပို့ခွင့် ရက်အကန့် အသတ်မရှိ ရပ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိ၌ ထောင်ဝင်စာပြန်လက်ခံနေခြင်းဖြစ်သည်။

ထောင်ဝင်စာပို့ခွင့် ပြန်လည်ရရှိခဲ့သော်လည်း စစ်ကောင်စီလက်အောင်ခံ အကျဥ်းထောင်ဝန်ထမ်းများက ကန့်သတ်မှုများနှင့် စစ်ဆေးမှုများ ယခင်ကထက်ပိုမိုပြုလုပ်နေသည်ဟု နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်ကပြောသည်။

“ထောင်ဝင်စာကို အရင်ကလို ထောင်ဝင်းထဲမှာ လက်မခံတော့ဘူး။ ထောင်ပြင်ပမှာ လက်ခံမဲ့နေရာလုပ် ပြီး လက်ခံနေတယ်။ လာပို့တဲ့သူတင်မကဘူး ပို့တဲ့ဗူးတွေ အထုပ်တွေကိုပါ မိုင်းရှာသလိုလို ဗုံးရှာသလိုလို တွေစစ်တယ်။ စစ်ပြီးမှ စာရင်းထည့်တယ်”ဟု ဆိုသည်။

ယခင်က နိုင်ငံရေးအကျဥ်းသားတစ်ဦးထံသို့ ဟင်းဗူးငါးဗူးနှင့် ကော်ဖီထုပ် တစ်ပါကင်ပို့ခွင့်ရခဲ့သော်လည်း ယခုအခါ ဟင်းဗူးသုံးဗူးနှင့် ကော်ဖီအထုပ်သေး ၁၀ ထုပ်သာပို့ခွင့်ရတော့ကြောင်း နိုင်ငံရေးအကျဥ်းသား၏ မိသားစုဝင်က ပြောသည်။

၎င်းအပြင် အမိန့်ချပြီးဖြစ်သည့် နိုင်ငံရေးအကျဥ်းသားများအား နှစ်ပတ်လျှင်တစ်ကြိမ်နှင့် အမိန့်မချရသေး သည့် နိုင်ငံရေးအကျဥ်းသားများအား တစ်ပတ်လျှင်တစ်ကြိမ်သာ ထောင်ဝင်စာပို့ခွင့်ရရှိတော့မည်ဟု ကန့်သတ်လိုက်ကြောင်း ၎င်းကဆိုသည်။

“ထောင်ထဲက ကျွေးနေတာတွေကတော်တော်အဆင်မပြေလို့ အပြင်ကနေပို့နေရတာ။ သူတို့ကျွေးနေတာ အဆင်ပြေရင် ပို့စရာလဲမလိုဘူး။ အခုက အမိန့်ချပြီးသားလူတွေကို နှစ်ပတ်တစ်ခါပဲ ဟင်းသုံးဗူးပို့ရမယ် ဆိုတော့ အထဲကလူတွေ စားရတာတော်တော် ဒုက္ခရောက်သွားမဲ့ပုံစံရှိတယ်” ဟု နိုင်ငံရေးအကျဥ်းသား၏ မိသားစုဝင်ကပြောသည်။

လက်ရှိတွင် ပုသိမ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားများထံသို့ ထောင်ဝင်စာပို့သည့်အခါ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ပေးနေရသည့်အပြင် ထောင်ဝန်ထမ်းများ၏ ရှာဖွေစစ်ဆေးမှုများကိုလည်း ခံရကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ပုသိမ်အကျဥ်းထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသား ၄၀၀ နီးပါးရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံးမှ အမိန့်ချခံထားရသူ ၁၅၀ ခန့်ရှိပြီဖြစ် ကြောင်း ထောင်ဝန်ထမ်းများ၏ပြောပြချက်အရ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ပုသိမ်အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသား

#ထောင်ဝင်စာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required