တရုတ်၊ ရုရှနှင့် အိန္ဒိယတို့က မြန်မာစစ်အုပ်စုကို ထောက်ကူပေးနေခြင်းအပေါ် နိုင်ငံတကာလွှတ်တော်အမတ်များအဖွဲ့ ဝေဖန်

တရုတ်၊ ရုရှနှင့် အိန္ဒိယတို့က မြန်မာစစ်အုပ်စုကို ထောက်ကူပေးနေခြင်းအပေါ် နိုင်ငံတကာလွှတ်တော်အမတ်များအဖွဲ့ ဝေဖန်

နိုဝင်ဘာ ၃

မြန်မာစစ်တပ်သည် ယမန်နှစ် အာဏာသိမ်းပြီးနောက် အာဏာစုစည်းနိုင်ခြင်း မရှိဘဲ ဖြစ်နေသော်လည်း တရုတ်၊ ရုရှ နှင့် အိန္ဒိယထံမှ ထောက်ကူပေးမှုကြောင့် ဆက်လက်ရပ်တည်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်၍ ရနေကြောင်း နိုင်ငံတကာ လွှတ်တော်အမတ်များ အဖွဲ့တစ်ခုက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ပြောဆိုလိုက်သည်။

မြန်မာ့အရေး ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က အဆိုပြုသော ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ် ဖော်ဆောင်ရာတွင် တိုးတက်မှု ကင်းမဲ့နေစဉ် မြန်မာအာဏာသိမ်းစစ်တပ်အတွက် အထူးသဖြင့် ပေကျင်းနှင့် မော်စကိုထံမှ ထောက်ကူပေးမှုများ ရှိနေသည်ဟု လွှတ်တော်အမတ်များက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ပြောသည်။

လက်ရှိတွင် အာဆီယံ၏ အစီအစဉ်ကို စွန့်ပယ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လိုလားသော အတိုက်အခံတို့အတွက် ထောက်ခံအားပေးမှုကို ပြသနိုင်မည့် ပိုမို ခိုင်မာအားကောင်းသည့် အစီအမံများ လုပ်ဆောင်ရမည့် အချိန်ရောက်နေပြီဟု နိုင်ငံတကာ လွှတ်တော်အမတ် ရှစ်ဦး ပါသည့် အဖွဲ့က ပြောသည်။

အဆိုပါ လွှတ်တော်အမတ်များအဖွဲ့သည် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ အကူအညီနှင့်အတူ ၂၀၂၁ ဖေဖေါ်ဝါရီ မြန်မာစစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာ၏ တုံ့ပြန်ဆောင်ရွက်ပုံနှင့်ပတ်သက်ပြီး လေးလကြာ စုံစမ်းမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

အရေးအကြီးဆုံးက ဒီမိုကရေစီကို ထောက်ခံကြောင်း ထုတ်ဖော်ထားသည့် နိုင်ငံများအနေဖြင့် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အမြန်ဆုံး အသိအမှတ်ပြုရေး ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ထို့ပြင် NUG နှင့် ယင်းနှင့် မဟာမိတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ရန်ပုံငွေများ ထောက်ပံ့ပေးရလိမ့်မည် ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

အဆိုပါ လုပ်ဆောင်ချက်များကို ချက်ချင်း လုပ်ဆောင်သင့်ကြောင်း ၎င်းတို့က ပြောသည်။ စစ်တပ်သည် အာဏာသိမ်းပြီးနောက် ၁၉ လ ကြာသည်အထိ အာဏာကို စုစည်းနိုင်ခြင်း မရှိကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။ မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော နယ်မြေ တစ်ခွင် တစ်ပြင်တွင် နယ်မြေထိန်းချုပ်နိုင်မှုအတွက် NUG နှင့် ဆက်နွယ်သည့် တော်လှန်ရေးတပ်ဖွဲ့များ၊ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်အကြား အပြိုင် ကြိုးပမ်းနေစဉ် အကြမ်းဖက်မှုများ ဆက်ဖြစ်နေခြင်းက “ပြိုလဲလုနီး စီးပွားရေးနှင့် မကြုံစဖူးသော လူသားချင်းစာနာမှု အကျပ်အတည်း” အခြေအနေတစ်ရပ်ကို ဆိုက်ရောက်စေကြောင်း ၎င်းတို့က ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required