November 2
မဇ္စျိမ။ ။နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်ပစ္စည်းများ တင်သွင်းမှုကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ပို့ကုန်ရငွေဖြင့် သွင်းကုန်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်သည်။
ထိုကဲ့သို့ ဘဏ်စနစ်ဖြင့် ဆောင်ရွက်မှုကို ကနဦးအနေဖြင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ယမန်နေ့ နိုဝင်ဘာလ ၁ရက်နေ့မှ စတင်ကာ ကျင့်သုံးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းထားသည့် နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ FATF၏ အစီရင်ခံစာအပေါ် လိုက်နာအကောင်အထည်ဖော်မှု ပိုမိုအားကောင်းစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။
သွင်းကုန်ပစ္စည်းများ တင်သွင်းမှုအတွက် ပို့ကုန်ရငွေနှင့် တစ်ဖက်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လစာနှင့် လုပ်ခ လွှဲပို့ငွေအပါအဝင် အခြားဝင်ငွေများကို အသုံးပြုပြီးသာ တင်သွင်းရန် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ၂၀၂၂ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ကန့်သတ်ထားသည်။
ထို့ကြောင့် သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် ကုမ္ပဏီများအနေဖြင့် မိမိတို့၏ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်ကြောင်း သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးသည့် အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်း မူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရတော့မည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ယခုကြေညာချက်မှာ ခေတ်ဟောင်းစနစ်ကို ပြန်သွားခြင်းဖြစ်ကြောင်း သွင်းကုန်လိုင်စင်လျှောက်နေသူတစ်ဦးက ပြောသည်။
"ပို့ကုန်မရှိတဲ့ သွင်းကုန်သမားတွေကတော့ လိုက်ဝယ်ပေါ့ သူများဆီက၊ သူများပို့ထားတာတွေ လိုက်ဝယ်ရမှာပေါ့"ဟု ၎င်းက ဆိုသည်။
အောက်တိုဘာလကုန်အထိ ကာလအတွင်း လျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များ ယခုကြေညာချက်တွင် အကျုံးမဝင်ဘဲ အဆိုပါကာလအတွင်း ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များဖြင့် ကုန်ပစ္စည်းတင်သွင်းမှုကို နိုဝင်ဘာလကုန်မတိုင်မီ ပြီးပြတ်အောင် တင်သွင်းရမည်ဖြစ်ကာ တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်ပျက်ပြယ်မည်ဖြစ်သည်ကြောင်းလည်း ဆိုထားသည်။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့သည့် ကုမ္ပဏီအနေဖြင့် ရရှိသည့် ပို့ကုန်ဝင်ငွေကို မိမိကိုယ်တိုင် သွင်းကုန်တင်သွင်းနိုင်ပြီး အခြားကုမ္ပဏီတစ်ခုခုသို့လည်း လွှဲပြောင်းနိုင်ကာ သွင်းကုန်တင်သွင်းရာတွင် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုခုမှ အခြားတစ်ခုခုသို့ လွှဲပြောင်း သုံးစွဲနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#မြန်မာထိုင်းနယ်စပ်ကုန်သွယ်ရေး
#စစ်ကောင်စီ