သွင်းကုန်တင်သွင်းမှုကို ဘဏ်စနစ်ဖြင့်သာ ​ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကာ ပို့ကုန်​ရ​​​ငွေ အသုံးပြုပြီး သွင်းကုန်တင်သွင်းရန် စစ်​ကောင်စီ ညွှန်ကြား

သွင်းကုန်တင်သွင်းမှုကို ဘဏ်စနစ်ဖြင့်သာ ​ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကာ ပို့ကုန်​ရ​​​ငွေ အသုံးပြုပြီး သွင်းကုန်တင်သွင်းရန် စစ်​ကောင်စီ ညွှန်ကြား

November 2

မဇ္စျိမ။ ။နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်ပစ္စည်းများ တင်သွင်းမှုကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ပို့ကုန်ရငွေဖြင့် သွင်းကုန်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်သည်။

ထိုကဲ့သို့ ဘဏ်စနစ်ဖြင့် ဆောင်ရွက်မှုကို ကနဦးအနေဖြင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ယမန်​နေ့ နိုဝင်ဘာလ ၁ရက်​နေ့မှ စတင်ကာ ကျင့်သုံးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းထားသည့် နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ FATF၏ အစီရင်ခံစာအပေါ် လိုက်နာအကောင်အထည်ဖော်မှု ပိုမိုအားကောင်းစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

သွင်းကုန်ပစ္စည်းများ တင်သွင်းမှုအတွက် ပို့ကုန်ရငွေနှင့် တစ်ဖက်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လစာနှင့် လုပ်ခ လွှဲပို့ငွေအပါအဝင် အခြားဝင်ငွေများကို အသုံးပြုပြီးသာ တင်သွင်းရန် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ၂၀၂၂ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ကန့်သတ်ထားသည်။

ထို့​ကြောင့် သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် ကုမ္ပဏီများအနေဖြင့် မိမိတို့၏ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်ကြောင်း သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးသည့် အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်း မူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရ​​​​တော့မည်ဖြစ်ကြောင်း သိရသည်။

စစ်​ကောင်စီ၏ ယခု​ကြေညာချက်မှာ ​ခေတ်​ဟောင်းစနစ်ကို ပြန်သွားခြင်းဖြစ်​ကြောင်း သွင်းကုန်လိုင်စင်​လျှောက်​နေသူတစ်ဦးက​ ပြောသည်။

"ပို့ကုန်မရှိတဲ့ သွင်းကုန်သမား​တွေက​တော့ လိုက်ဝယ်​ပေါ့ သူများဆီက၊ သူများပို့ထားတာ​တွေ လိုက်ဝယ်​ရမှာပေါ့"ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလကုန်အထိ ကာလအတွင်း လျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များ ယခု​ကြေညာချက်တွင် အကျုံးမဝင်ဘဲ အဆိုပါကာလအတွင်း ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များဖြင့် ကုန်ပစ္စည်းတင်သွင်းမှုကို နိုဝင်ဘာလကုန်မတိုင်မီ ပြီးပြတ်အောင် တင်သွင်းရမည်ဖြစ်ကာ တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်ပျက်ပြယ်မည်ဖြစ်သည်​ကြောင်းလည်း ဆိုထားသည်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့သည့် ကုမ္ပဏီအနေဖြင့် ရရှိသည့် ပို့ကုန်ဝင်ငွေကို မိမိကိုယ်တိုင် သွင်းကုန်တင်သွင်းနိုင်ပြီး အခြားကုမ္ပဏီတစ်ခုခုသို့လည်း လွှဲပြောင်းနိုင်ကာ သွင်းကုန်တင်သွင်းရာတွင် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုခုမှ အခြားတစ်ခုခုသို့ လွှဲပြောင်း သုံးစွဲနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မြန်မာထိုင်းနယ်စပ်ကုန်သွယ်ရေး

#သွင်းကုန်လိုင်စင်

#ဘဏ်စနစ်

#စစ်​ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required