PDF ကိုထောက်ပံ့သည်ဟုဆိုကာ မန္တလေးဆေးတက္ကသိုလ် ကထိက အပါအ၀င် CDM ကျန်းမာရေး၀န်ထမ်း ၅ ဦး ဖမ်းဆီးခံရ

PDF ကိုထောက်ပံ့သည်ဟုဆိုကာ မန္တလေးဆေးတက္ကသိုလ် ကထိက အပါအ၀င် CDM ကျန်းမာရေး၀န်ထမ်း ၅ ဦး ဖမ်းဆီးခံရ

November 2

မန္တလေး(မဇ္ဈိမ) ။ ။အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM )တွင် ပါ၀င်ကြသည့် မန္တလေးဆေးတက္ကသိုလ်မှ ကထိကတစ်ဦး အပါအ၀င် ကျန်းမာရေး၀န်ထမ်း ငါးဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များကို ဆေးဝါးနှင့်ဆေးပစ္စည်း ထောက်ပံ့ကူညီသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

မန္တလေးဆေးတက္ကသိုလ်ခွဲစိတ်ဌာနမှ ခွဲစိတ်ကထိက ဦးမင်းဇော်ဦး(ခ)ဦးနေမျိုးဦး၊ မန္တလေးဆေးရုံကြီးမှ သူနာပြုဆရာမ ဒေါ်ဇင်မာ၀င်း(ခ)သူဇာ၊ မန္တလေးဗဟိုအမျိုးသမီးဆေးရုံးကြီးမှ သားဖွားဆရာမဒေါ်ပိုးသန္တာအောင်၊ သူနာပြု ဆရာမနှစ်ဦးဖြစ်သော ဒေါ်ယွန်းနန္ဒာထွန်းနှင့် ဒေါ်ကြည်သဒ္ဒါဖြူ စုစုပေါင်းငါးဦးဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို ဒလန်သတင်းပေးမှုအရ အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း ထီးလင်းမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့ကြောင်းအကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၃၁ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ပုလဲ-ဂန့်ဂေါသွား ကားလမ်းဆုံတွင် ယာဉ်မောင်းကျော်လွင်ထက် (ခ)သားသား ၊ ယာဉ်နောက်လိုက် ခွါကျဲအို လိုက်ပါလာသော ခြောက်ဘီးယာဉ်ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များထံ ထောက်ပံ့မည့် တရားမ၀င်ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ သိမ်းဆည်းရမိခဲ့ရာမှ ဆက်စပ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များထံသို့ ပို့ဆောင်မည့်ဆေးပစ္စည်းများအား မန္တလေး အောင်မြေသာစံမြို့နယ် သီရိမန္တလာအရှေ့ရပ်ကွက်ရှိ ရွှေမေတ္တာကားဂိတ်တွင် သိမ်းဆည်းထားကြောင်းသိရသဖြင့် စစ်ကောင်စီအဖွဲ့က သွားရောက်စစ်ဆေးရာ ပစ္စည်းများလက်ခံထားရှိသည့် ညီညီလှိုင် (ဂိတ်စာရေး)၊ စိုး၀င်းထွန်း(ဂိတ်မှူး)၊ဝေလင်းဦး(ယာဉ်မောင်း)တို့ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအား မည်သည့်ပုဒ်မများဖြင့်အမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင်မပါရှိပေ။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မန္တလေးဆေးတက္ကသိုလ်

#ကထိက

#စစ်ကောင်စီ

#PDF

#CDM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required