နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပယ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပယ်ချ

November 2

မဇ္စျိမ။ ။ ဦးဖြိုးမင်းသိန်းထံက ရွှေနှင့်ဒေါ်လာ ယူခဲ့သည်ဟုဆိုကာ စွပ်စွဲအမိန့်ချထားသည့် အမှုကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံ တက်ခဲ့ရာ အဆိုပါအမှု အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယမန်နေ့ နိုဝင်ဘာလ ၁ရက်နေ့တွင် ပယ်ချလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အယူခံ ပယ်ချခံရပါက အထူးအယူခံဆက်ပြီး တက်နိုင်သည်။ သို့ သော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ယခုအမှုကို အထူးအယူခံ ဆက်တက်၊ မတက်ကိုမူ မသိရသေးပေ။

ယမန်နေ့က ပယ်ချခံရသည့် အမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေ ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က "All Absurd"၊ "အဓိပ္ပာယ်မဲ့"သည်ဟု မှတ်ချက်ပေးခဲ့ဖူးသည်။

NLDအစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ ( ခြောက်သိန်း) နှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာပေးခဲ့ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ လ ၁ရက်နေ့က နေပြည်တော်သို့ လာရောက်ကာ သက်သေထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုအတွက် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို အထူးတရားရုံးက ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့သည်။

အမှုပေါင်း ၁၄ မှု အတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နောက်ဆုံးကျန်ရှိသည့် ရဟတ်ယာဉ် အမှု ငါး မှု ကို နေပြည်တော်အချုပ်ထောင် အထူးတရားရုံးတွင် လက်ရှိ ဆက်လက် ရင်ဆိုင်နေရသည်။

ထို့အပြင် NLDအစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန်ဒေါက်တာမျိုးအောင်အပေါ် အမိန့်ချထားသည့် အဂတိ အမှုတစ်မှု အယူခံနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအပေါ် အမိန့်ချထားသည့် အဂတိ ငါးမှု အယူခံကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယမန်နေ့က ပယ်ချလိုက်ကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ပြည်ထောင်စုတရားလွှတ်တော်ချုပ်

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

#နေပြည်တော်

#အထူးအယူခံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required