ရန်ကုန်တွင် တော်လှန်ရေးတပ်ဖွဲ့များက အောက်တိုဘာလအတွင်း ဖောက်ခွဲမှု (၅၁) ကြိမ်နှင့် ပစ်ခတ်တိုက်ခိုက်မှု (၈) ကြိမ်ပြုလုပ်ခဲ့

ရန်ကုန်တွင် တော်လှန်ရေးတပ်ဖွဲ့များက အောက်တိုဘာလအတွင်း ဖောက်ခွဲမှု (၅၁) ကြိမ်နှင့် ပစ်ခတ်တိုက်ခိုက်မှု (၈) ကြိမ်ပြုလုပ်ခဲ့

နိုဝင်ဘာလ ၁ ရက်

ရန်ကုန်မြို့အခြေစိုက် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များသည် အောက်တိုဘာလ တစ်လအတွင်း စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်နေရာ များကို ဖောက်ခွဲမှု (၅၁) ကြိမ်နှင့် ပစ်ခတ်တိုက်ခိုက်မှု ရှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အင်အားစု (UMCD) က တော်လှန်ရေးအင်အားစု အဖွဲ့အသီးသီး၏ ထုတ်ပြန်ချက်များနှင့် လက်လှမ်းမီသမျှသိရသည့် အချက်အလက်များကို စုစည်း၍ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“ အဓိကက ရန်ကုန်ဟာ သွေးမအေးဘူး။ ရန်ကုန်ဟာ တော်လှန်ပုန်ကန်နေဆဲဆိုတာကို ပြည်သူတွေ သိစေချင်တာပါ။ ကျွန်တော်တို့ UMCD ကပဲ လုပ်တာ မဟုတ်ဘဲ အဖွဲ့အစည်းအစုံ လုပ်တာကို မှတ်တမ်းတင်ထားတာပါ။ တိုက်ခိုက်မှု တစ်ခုခြင်းစီရဲ့ အသေး စိတ်တွေလည်း ကျွန်တော်ဆီတို့မှာ ရှိပါတယ်” ဟု UMCD တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

UMCD က ထုတ်ပြန်ထားသည့် အချက်အလက်များအရ အောက်တိုဘာလ တစ်လအတွင်း ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပေါ်လှုပ်ရှားမှုများဖြစ်သည့် ဆန္ဒပြလှုပ်ရှားမှု၊ လှုံ့ဆော်စာဖြန့်ဝေမှုနှင့် ဘန်နာချိတ်ဆွဲမှု စုစုပေါင်း (၁၈) ကြိမ် အထိ ပြုလုပ်ခဲ့သည်။

ထို့အပြင် မြို့နယ်အသီးသီးရှိ မြေအောက်တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ် နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ဖောက်ခွဲတိုက်ခိုက်မှု (၅၁) ကြိမ်၊ ပစ်ခတ်တိုက်ခိုက်မှု ရှစ်ကြိမ်နှင့် ဒလန်ရှင်းလင်းမှု (၁၃) ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုများကို တော်လှန်ရေးတပ်ဖွဲ့များက ရန်ကုန်မြို့ရှိ မြို့နယ် ၂၃ မြို့နယ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရွှေပြည်သာမြို့နယ်တွင် ကိုးကြိမ် အထိပြုလုပ်ခဲ့ပြီး အများဆုံး တိုက်ခိုက်မှု ပြုလုပ်နိုင်ခဲ့သည်။

“ ရန်ကုန်ရဲ့ မြေပေါ်မြေအောက်သတင်းတွေ နေ့စဉ် စောင့်ကြည့်နေပါတယ်။ သွေးအေးသလို ထင်ရပေမယ့် မြေပေါ် မြေအောက် သပိတ်အစုံအပါအဝင် activities ပြတ်တဲ့နေ့ မရှိပါဘူး” ဟု UMCD တာဝန်ရှိသူက ဆိုသည်။

မြေအောက် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအပြင် စစ်ကောင်စီ၏ ရုံးအဆောက်အဦ ပစ္စည်းများလည်း ထိခိုက်မှုရှိခဲ့သည်။

ရန်ကုန်မြို့တွင် အခြေစိုက်ကာ လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက ၎င်းတို့ လှုပ်ရှားနေသည့် မြို့နယ်များရှိ စစ်ကောင်စီတပ်နှင့် သတင်းပေးဒလန်များ၊ ဒေါက်တိုင်များကို မကြာခဏဆိုသလို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ထိုကြောင့် စစ်ကောင်စီတပ်သည် ရန်ကုန်မြို့အတွင်း အင်အားများစွာဖြင့် လုံခြုံရေး တင်းကျပ်ကာ စစ်ဆေးမှုများပြုလုပ်နေ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများနှင့် မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရမှုများ ရှိနေသည်။

ရန်ကုန်မြို့တွင် အခြေပြုထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အင်အားစု https://www.facebook.com/umcd.official/ (UMCD)သည် စစ်ကောင်စီတပ်အပြင် ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သည့်အရာများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly