မတူပီတွင် အသစ်ရောက်လာသည့် စစ်ကောင်စီတပ်က ဘာသာရေးခေါင်းဆောင်များပါမချန် ရိုက်နှက်

မတူပီတွင် အသစ်ရောက်လာသည့် စစ်ကောင်စီတပ်က ဘာသာရေးခေါင်းဆောင်များပါမချန် ရိုက်နှက်

နိုဝင်ဘာ ၁

မတူပီ၊ (မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့ပေါ်သို့ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများသည် ယခု ရက်ပိုင်းတွင် လုံခြုံရေးအကြောင်းပြပြီး ဘာသာရေးခေါင်းဆောင်များကို စစ်ဆေးမေးမြန်းခြင်း၊ ရိုက်နှက် ခြင်းများရှိလာနေသည်ဟု မတူပီဒေသခံများထံမှ သိရသည်။

“ပြီးခဲ့တဲ့အပတ်က မြို့နယ်ပညာရေးမှူး ဆရာကြီးဦးတင်လွေး အသတ်ခံရတယ်။ အဲဒီနောက်ပိုင်းမှာ အဖမ်းအဆီးတွေ အရမ်းများလာတယ်။ ဆရာကြီးနာရေးအိမ်မှာ ဝတ်ပြုနေတဲ့အချိန် တပ်ကရောက်လာ ပြီး မေးစမ်းတာပေါ့။ အဲဒီချိန်မှာ အိမ်နီးအနားက သင်းအုပ်ဆရာတော်နှစ်ပါးကပြောတယ်ထင်တယ်။ အဲဒါ ကို စစ်တပ်က ပါးရိုက်သွားတယ်။ နားအုံကို ကျင်းသွားတယ်။ တစ်ယောက်ကတော့ လောလောဆယ် နား မကြားရတော့ဘူးဆိုပြီး မတူပီဆေးရုံကြီးမှာ သွားပြနေတယ်”ဟု မတူပီမြို့ပေါ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

စက်တင်ဘာလနောက်ဆုံးပတ်မှစတင်ပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ပြန်ဖြစ်ပွားခဲ့ပြီးနောက် မတူပီမြို့အတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားကြောင်းလည်း သိရသည်။

ထို့ပြင် မတူပီမြို့ပေါ်တွင် ညပိုင်းဝတ်ပြုကိုးကွယ်ခြင်း၊ ဘုရားရှိခိုးခြင်းအစီအစဉ်များကိုလည်း ရုပ်သိမ်း ထားရန် မြို့ပေါ်နေဘာသာရေးအဖွဲ့အစည်းများ စည်းဝေးတိုင်ပင်ပြီး ဆုံးဖြတ်ထားကြောင်းလည်း သိရ သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း မတူပီမြို့နယ်၊ ငလိုင်ကျေးရွာနေ ညီအစ်ကို တော်များအသင်းတော်မှ ဓမ္မဆရာဦးငိုင်ကုန်းအား ဖမ်းဆီးသွားပြီးနောက် နှစ်လအကြာတွင် သေဆုံးသွား ပြီဖြစ်ကြောင်း မိသားစုဝင်များကို အကြောင်းကြားခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#မတူပီ

#စစ်ကောင်စီတပ်

#ဘာသာရေးခေါင်းဆောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required