အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ခင်ပွန်းအား ရိုက်နှက်တိုက်ခိုက်သည့် အမျိုးသားကို ဖမ်းဆီးတရားစွဲဆို

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ခင်ပွန်းအား ရိုက်နှက်တိုက်ခိုက်သည့် အမျိုးသားကို ဖမ်းဆီးတရားစွဲဆို

အောက်တိုဘာလ ၃၀ ရက်

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလို၏ ခင်ပွန်းဖြစ်သူကို တူဖြင့် ရိုက်နှက် တိုက်ခိုက်ခဲ့သည့် အမျိုးသားကို ယခုအခါ လူသတ်ရန် ကြိုးပမ်းမှုနှင့် အခြားသော ကြီးလေးသော ပြစ်မှုများဖြင့် စွဲချက်တင်လိုက်သည်။

အဆိုပါ အမျိုးသားသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်က ပလိုစီ ဇနီးမောင်နှံ၏ ဆန်ဖရန် စစ္စကို နေအိမ်ကို အတင်း ဝင်ရောက်ခဲ့ပြီး ‘နန်စီ ဘယ်မှာလဲ’ ဟု အော်ဟစ်ကာ ယင်းနောက် ပလိုစီ၏ ခင်ပွန်းဖြစ်သူကို ရိုက်နှက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နန်စီ ပလိုစီ၏ ခင်ပွန်းဖြစ်သည့် အသက် ၈၂ နှစ်ရှိ ပေါလ် ပလိုစီ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်သူ၏ ရည်ရွယ်ချက်အကြောင်းရင်းကို ရဲတပ်ဖွဲ့က ထုတ်ဖော်ထားခြင်း မရှိပေ။

တိုက်ခိုက်ခံရပြီးနောက် ပေါလ် ပလိုစီသည် ဦးခေါင်းဒဏ်ရာအပြင် လက်များနှင့် ညာလက်မောင်းတို့တွင် ဒဏ်ရာများ ရခဲ့ပြီး ခွဲစိတ်မှု ခံယူခဲ့ရကြောင်းနှင့် ၎င်း အမြန်ဆုံး ပြန်သက်သာလာမည်ဟု ဆရာဝန်များက မျှော်မှန်းထားကြောင်း ပလိုစီ၏ ရုံးက ထုတ်ပြန်သည်။

တိုက်ခိုက်မှုက “နန်စီ ကို ရည်ရွယ်ပစ်မှတ်ထားခဲ့ပုံရ” ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၂၉ ရက်တွင် ဒီလာဝဲ၌ သတင်းထောက်များကို ပြောသည်။

အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့၌ ထိန်းချုပ်မှုကို အဆုံးအဖြတ်ပေးမည့် နိုဝင်ဘာ ၈ ရက် သက်တမ်းဝက် ရွေးကောက်ပွဲများ မတိုင်မီ သီတင်းနှစ်ပတ်သာသာတွင် ယခု ဖြစ်စဉ်က နိုင်ငံရေး အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အမေရိကန်တွင် သမ္မတနှင့် ဒုသမ္မတပြီးလျှင် သမ္မတရာထူးကို ဆက်ခံနိုင်သည့် ဒီမိုကရက်တစ်ပါတီဝင် အသက် ၈၂ နှစ်ရှိ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီသည် အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားချိန်က နေအိမ်တွင် ရှိမနေဘဲ ဝါရှင်တန်တွင် ရှိနေခဲ့ကြောင်း သိရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly