ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် ရေကြီးမြေပြိုမှုများအတွင်း လူ ၃၁ ဦး သေဆုံး 

ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် ရေကြီးမြေပြိုမှုများအတွင်း လူ ၃၁ ဦး သေဆုံး 

အောက်တိုဘာလ ၂၈ ရက်

ဖိလစ်ပိုင် တောင်ပိုင်းသို့ ချည်းကပ်လာသော မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများအတွင်း လူပေါင်း ၃၁ ဦး သေဆုံးကြောင်း သဘာဝဘေး တာဝန်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောသည်။ 

လူဦးရေ ၃၀၀,၀၀၀ နေထိုင်ရာ မန်ဒါနာအိုကျွန်း၏ ကိုတာဘာတိုမြို့ဝန်းကျင်က ကျေးလက်ဒေသများတွင် မုန်တိုင်းကြောင့် ဖြစ်ပေါ်သော ရေကြီးမှုများကြောင့် သစ်ပင်များ ပြိုလဲခြင်းနှင့် ရွှံ့နွံများ ဖုံးလွှမ်းခြင်းများ ညတွင်းချင်း ဖြစ်ပေါ်သည်။ 

ရုတ်ခြည်း ရေမြင့်တက်မှုကြောင့် ဒေသခံ တော်တော်များများ အံ့အားသင့်မှင်တက်သွားကြကြောင်း ဒေသဆိုင်ရာအစိုးရ ပြောရေးဆိုခွင့်ရှိသူနှင့် အရပ်ဘက် ကာကွယ်ရေး အကြီးအကဲ စီနာရမ်ဘိုက အေအက်ဖ်ပီသို့ ပြောသည်။ 

“အာရုဏ် မတက်ခင်မှာဘဲ ရေတွေက အိမ်တွေထဲ ဝင်ရောက်လာတာ ဖြစ်တယ်”ဟု စီနာရမ်ဘိုက ပြောပြီး မုန်တိုင်းဒဏ်သင့်ရာ ဒေသများတွင် သေဆုံးသူ ကနဦးက ၁၃ ဦး ရှိရာမှ ၃၁ ဦးအထိ တိုးမြင့်ကြောင်း အတည်ပြုသည်။ 

ရာဘာလှေများဖြင့် အဖွဲ့ဝင်များက အိမ်ခေါင်မိုးများပေါ် တက်နေရသော ဒေသခံများကို ကယ်ဆယ်လျက် ရှိကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။ 

အူပီမြို့က အခမ်းအနားတစ်ခုကို ရုပ်ရှင်ရိုက်နေစဉ် ညလယ်မတိုင်ခင်မှာပင် ရေ ရုတ်တရက် တက်လာပြီး ပွဲလာပရိသတ်များက ဘေးလွတ်ရာ ထွက်ပြေးကြကြောင်း ဌာနေ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ရမ်မာ ပါဘလိုက ပြောသည်။ 

အပြင်လမ်းပေါ်တွင် တန်းစီထားသော ကားများမှာ ရေတဝက် နစ်မြုပ်နေသည်ကို ၎င်းက မှတ်တမ်းရိုက်ကူးသည်။ 

“ကျွန်တော်တို့ အထဲမှာပဲ သောင်တင်နေခဲ့ရတယ်”ဟု နောက်ဆုံး၌ ရေထဲမှ ဖြတ်ကာ အိမ်အရောက် ပြန်ခဲ့ရသည့် ပါဘလိုက ဆိုသည်။ 

အချို့သော ဧရိယာများတွင် ရေမြင့်တက်မှု လျော့ကျနေပြီ ဖြစ်သော်လည်း ကိုတာဘာတို မြို့သည် ရေလွမ်းမိုးနေဆဲ ဖြစ်သည်။ 

မိုးသည်းထန်ခြင်းကြောင့် သောကြာနေ့တွင် ရေလွှမ်းမိုးမှုများ ပိုဆိုးလာမည်ဟု စီနာရမ်ဘိုက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly