ကမ္ဘာကြီးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အန္တရာယ်အရှိဆုံး ဆယ်စုနှစ်ကို ရင်ဆိုင်နေရဟု ပူတင်က ပြောပြီး အနောက်အုပ်စုအပေါ် ဝေဖန်

ကမ္ဘာကြီးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အန္တရာယ်အရှိဆုံး ဆယ်စုနှစ်ကို ရင်ဆိုင်နေရဟု ပူတင်က ပြောပြီး အနောက်အုပ်စုအပေါ် ဝေဖန်

အောက်တိုဘာလ ၂၈ ရက်

ကမ္ဘာကြီးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အန္တရာယ်အရှိဆုံး ဆယ်စုနှစ်တစ်စုကို ရင်ဆိုင်နေရကြောင်း ရုရှသမ္မတ ဗလာဒီမာ ပူတင်က အောက်တိုဘာ ၂၇ ရက်တွင် ပြောသည်။ ထို့ပြင် အမေရိကန်နှင့် ယင်း၏ မဟာမိတ်များ၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးခြယ်လှယ်မှုက မလွဲဧကန် တစ်စတစ်စနှင့် ပြိုလဲလာနေခြင်းကို တားဆီးရန် အနောက်အုပ်စုက အလုအယက် ကြိုးပမ်းနေကြောင်း ပူတင်က ပြောသည်။

ဖေဖေါ်ဝါရီ ၂၄ ရက်က ယူကရိန်းနိုင်ငံထဲ ရုရှစစ်သားများကို စေလွှတ်ခဲ့ပြီးနောက် အချိန်အကြာဆုံး အများပြည်သူရှေ့မှောက်ထွက်ကာ စကားပြောဆိုမှုတစ်ခုတွင် ပူတင်က ၎င်း ခေါ်ဆိုသုံးနှုန်းသည့် “အထူးစစ်ဆင်ရေး” ဆိုသည်နှင့်ပတ်သက်ပြီး နောင်တရမှု မရှိကြောင်း ပြသခဲ့သည်။

အနောက်အုပ်စုနိုင်ငံများသည် စစ်ပွဲကို လှုံ့ဆော်ပြီး ကမ္ဘာတစ်ဝန်း ဖရိုဖရဲ အခြေအနေများကို ဖြစ်စေခဲ့သည့် “အန္တရာယ်ရှိသော၊ သွေးထွက်သံယိုဖြစ်သော၊ ညစ်ပတ်သော” ကစားပွဲတစ်ခုကို ကစားနေကြောင်း ပူတင်က စွပ်စွဲသည်။

“ကမ္ဘာ့ အရေးကိစ္စတွေအပေါ်မှာ အနောက်အုပ်စုနိုင်ငံတွေရဲ့ မမှိတ်မသုန် လွှမ်းမိုးခြယ်လှယ်တဲ့ သမိုင်းကာလက အဆုံးသတ်ကို ရောက်လာနေပါပြီ” ဟု ရုရှ ခေါင်းဆောင် ပူတင်က မော်စကိုအခြေစိုက် ဗယ်လ်ဒိုင် ဆွေးနွေးမှု ကလပ်တွင် “လွှမ်းမိုးကြီးစိုးမှုအလွန် ကမ္ဘာကြီးနှင့် လူတိုင်းအတွက် တရားမျှတမှုနှင့် လုံခြုံရေး” ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်သော အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ သမိုင်းကြောင်းဆိုင်ရာ နယ်ပယ်စွန်းတစ်ခုမှာ ရောက်နေကြတာပါ။ ရှေ့မှာတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အန္တရာယ်အရှိဆုံး၊ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့၊ အရေးကြီးတဲ့ ဆယ်စုနှစ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ပူတင်က ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly