ကမ္ဘာ့အချမ်းသာဆုံး အီလွန် မတ်က တွစ်တာအား ဝယ်ယူကာ အမှုဆောင်များကို ထုတ်ပယ် 

ကမ္ဘာ့အချမ်းသာဆုံး အီလွန် မတ်က တွစ်တာအား ဝယ်ယူကာ အမှုဆောင်များကို ထုတ်ပယ် 

အောက်တိုဘာလ ၂၈ ရက်

ကမ္ဘာ့ဦးဆောင် လူမှုပလက်ဖောင်းတစ်ခုဖြစ်သည့် တွစ်တာသည် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန် မတ်၏ လက်ဝယ်သို့ ရောက်ရှိသွားသည့် အရောင်းအဝယ် သဘောတူညီချက်အားဖြင့် အီလွန် မတ်က တွစ်တာကို ပိုင်ဆိုင်ခွင့် ရရှိပြီး ယင်း၏ အမှုဆောင်များအား ကြာသပတေးနေ့တွင် ထုတ်ပယ်လိုက်သည်။ 

ထိုသို့ တွစ်တာအား ရယူပြီးနောက်တွင် အီလွန် မတ်သည် ကုမ္ပဏီ၏ အထင်ကရ အမှတ်တံဆိပ်ကို ရည်ညွှန်းပြီး “ငှက်ကလေးကို လွှတ်ပေးလိုက်ပြီ” ဟု တွစ်တာတွင် ရေးသားသည်။ 

အီလွန် မတ်အနေဖြင့် တွစ်တာ၏ အမှုဆောင်အရာရှိချုပ် ပါရတ်ချ် အက်ဂရာဝဲလ်အပြင် ကုမ္ပဏီ၏ ဘဏ္ဍာရေးတာဝန်ခံနှင့် လုံခြုံရေးအကြီးအကဲတို့ကို အချိန်မဖြုန်းဘဲ ထုတ်ပယ်လိုက်ကြောင်း The Washington နှင့် CNBC သတင်းက အမည်မဖော်သည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြသည်။ 

ကနဦးက အဆင်မပြေခဲ့သည့် အရောင်းအဝယ်အတွက် တာဝန်ခံရန်အတွက် လျှပ်စစ်ကား ထုတ်လုပ်ရေး Tesla ၏ အကြီးအကဲ အီလွန်မတ်ကို အက်ဂရာဝဲလ်က တရားစွဲဆိုဖူးသည်။ 

လူမှုမီဒီယာကွန်ရက် တွစ်တာအား ဝယ်ယူမည့် သဘောတူညီချက်ကို ဖော်ဆောင်မည် မဖော်ဆောင်မည် အီလွန် မတ်က ဆုံးဖြတ်ရန် တရားရုံးက နောက်ဆုံးရက် သတ်မှတ်မပေးခင် နာရီပိုင်းအလို၌ ယခု လက်လွှဲဝယ်ယူမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

တွစ်တာကို ဝယ်ယူရခြင်းသည် “အတိုင်းအတာ ကျယ်ပြန့်သော ယုံကြည်မှုများနှင့် ပတ်သက်ပြီး ကောင်းမွန်သော နည်းလမ်းများဖြင့် ငြင်းခုံဆွေးနွေးနိုင်မည့် ဘုံဒီဂျစ်တယ် မြို့ရင်ပြင် ရှိထားရန် လူသားတို့၏ အနာဂတ်အတွက် အရေးကြီးသောကြောင့်” ဟု အစောပိုင်းတွင် အီလွန် မတ်က ရေးသားသည်။ 

ထိပ်တန်းအမှုဆောင်များ ထွက်ခွာရခြင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို တွစ်တာက ချက်ချင်း မတုံ့ပြန်ပေ။ သို့ရာတွင် တွစ်တာပလက်ဖောင်းအား တည်ထောင်သူ ဘစ်ဇ် စတုန်းက အက်ဂရာဝဲလ်၊ နက်ဒ် ဆီးဂဲလ်နှင့် ဗီဂျာယာ ဂတ်ဒီတို့ သုံးဦးကို “တွစ်တာအတွက် စွမ်းဆောင်ခဲ့မှုများ” အတွက် ကျေးဇူးတင်ခဲ့သည်။ 

“အားလုံးဟာ ရင့်သန်တဲ့ ပါရမီရှင်တွေပါ၊ အသီးသီးက လူသားဆန်တဲ့ ကျက်သရေ ရှိတယ်”ဟု ၎င်းက ရေးသားခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly