မြန်မာ့ အခြေအနေအပေါ် လွန်စွာ စိတ်ပျက်မိဟု စင်္ကာပူ ပြောဆို

မြန်မာ့ အခြေအနေအပေါ် လွန်စွာ စိတ်ပျက်မိဟု စင်္ကာပူ ပြောဆို

October 28

ယမန်နှစ် ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှု စက်ဝန်းထဲ ပိတ်မိနေခဲ့သည့် မြန်မာနိုင်ငံရှိ အခြေအနေများနှင့်ပတ်သက်ပြီး “လွန်စွာ စိတ်ပျက်မိ” ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က အောက်တိုဘာ ၂၇ ရက်တွင် ထပ်လောင်း ပြောဆိုလိုက်သည်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုဆိုင်ရာ တိုးတက်မှု အခြေအနေကို အကဲဖြတ်ရန်နှင့် လာမည့်လ ဖနွမ်းပင်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ ရှေ့ဆက်လုပ်ဆောင်မည့် ဖြစ်နိုင်ဖွယ်ရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ယမန်နေ့က ဂျကာတာ၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတစ်ရပ် တွေ့ဆုံစဉ် စင်္ကာပူဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး မကြာသေးခင်က ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ့အသက်တွေ ဆုံးရှုံးခဲ့ရမှုအပေါ် အလွန်တရာ စိတ်ထိခိုက်ရကြောင်း ထုတ်ဖော်ခဲ့ကြတယ်” ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သည်။

“ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိတာ၊ အကြမ်းဖက်မှုတွေ အရှိန်မြင့်နေတာနဲ့ မြေပြင်မှာ အခြေအနေတွေ ပိုမိုဆိုးဝါးလာတာတို့အပေါ် စင်္ကာပူအနေနဲ့ အင်မတန် စိတ်ပျက်မိတယ်လို့ ဝန်ကြီး ဘလာခရစ်ရှ်နန်က ပြောခဲ့ပါတယ်”

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အရာရှိများ၊ အဆိုတော်များ အပါအဝင် အရပ်သား ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required