သူရဦးရွှေမန်းဦးဆောင်မည့် ကော်မရှင်၏ လုပ်ပိုင်ခွင့် နှင့် တာဝန်များ လွှတ်တော်သို့ အသိပေး

သူရဦးရွှေမန်းဦးဆောင်မည့် ကော်မရှင်၏ လုပ်ပိုင်ခွင့် နှင့် တာဝန်များ လွှတ်တော်သို့ အသိပေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉ ။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ(ဟောင်း) သူရဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သည် ဥပဒေပြုရေးအပါအဝင် လွှတ်ဆော်ဆိုင်ရာလုပ်ငန်းများကို ပိုမိုမြန်ဆန်အဆင်ပြေလျောမွေ့စွာ ဆောင်ရွက်ပေးမည်ဟု ယင်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ(၁) ပြည်သူ့လွှတ်တော် အမတ် ဦးကိုကိုနိုင်ကပြောသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ငါးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၉ ရက်က ကျင်းပသည့် အစည်းအဝေးတွင် ကော်မတီရှင်တွင်ပါဝင်သူများ၊ တာဝန် နှင့် လုပ်ပိုင်ခွင့်များကို လွှတ်တော်သို့တင်ပြရာတွင် ဦးကိုကိုနိုင်ကပြောကြားခဲ့သည်။

“ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေများမှ ပြဌာန်းချက်များနှင့်အညီ လွှတ်တော်မှ ဖွဲ့စည်းပေးခြင်းသည် နောင်ဆက်လက်ဆောင်ရွက်ရမည့် ဥပဒေပြုရေးအပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းအရပ်ရပ်ကို အထောက်အကူများစွာ ရရှိမည်ဖြစ်ပြီး လွှတ်တော်အသီးသီး၏ ညှိနှိုင်းပေါင်းစပ်ပြီးဆောင်ရွက်ရမည့်လုပ်ငန်းများ ပိုမိုမြန်ဆန်အဆင်ပြေလျောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လွှတ်တော်သို့ရှင်းလင်းတင်ပြအပ်ပါသည်။” ဟု ဥပဒေရေးရာ နှင့်  အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဌဖြစ်သူ ဦးကိုကိုနိုင်က လွှတ်တော်သို့ပြောသည်။

သူရဦးရွှေမန်းဦး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် ယင်းကော်မတီသည် လွှတ်တော်နာယက နှင့် ဥက္ကဋ္ဌများက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံပါက အကြံပြုချက်မျာပေးရမည်ဖြစ်ကာ အထူးကိစ္စရပ်များပေါ်ပေါက်ပါက လေ့လာဆန်းစစ်သုံးသပ်ကာ လွှတ်တော်သို့အစီရင်ခံရမည်ဖြစ်သည်။

ယင်းကော်မတီကို ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း နှင့် လက်ရှိ လွှတ်တော်အမတ်လေးဦးအပါအဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ၊ ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) နှင့် ဗိုလ်မှူးကြီးငြိမ်း တစ်ဦးအပါအဝင် အဖွဲ့ဝင် ၃၅ ဦးဖြင့် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းကော်မတီ၏ သက်တမ်းမှာ စတင်ဖွဲ့စည်းသည့်နေ့မှ တစ်နှစ်တိတိသာ ဖြစ်ကာ သက်တမ်းပြည့်သည့် အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်ပြီး သက်တမ်းကာလအတွင်း ကော်မရှင်အဖွဲ့ဝင်များကို ပြည်ထောင်စုလွှတ်တော်နာယကက သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly