မြန်မာကိုယ်စားလှယ် မပါဘဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေး 

မြန်မာကိုယ်စားလှယ် မပါဘဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေး 

October 27

အကြမ်းဖက်မှုများ မြင့်တက်ပြီး မကြာသေးသည့် သီတင်းပတ်များအတွင်း လူဒါဇင်များစွာ သေဆုံးရသည့် စစ်တပ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ရပ်တန့်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မည်သို့ စတင်ရမည်ကို ဂျကာတာ၌ ကြာသပတေးနေ့တွင် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှု စတင်ပြီ ဖြစ်သည်။ 

အင်ဒိုနီးရှားမြို့တော်တွင် ကျင်းပသော အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံမှ မည်သည့်ကိုယ်စားလှယ်မှ တက်ရောက်မည် မဟုတ်ပေ။ 

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချပြီး ၎င်းနှင့်အတူ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးကာ အသေအဆုံးများသော ဖြိုခွင်းမှုများ ကျူးလွန်၍ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာသည့် မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်ကြီးများကို ပြီးခဲ့သည့်နှစ်မှစကာ အဆင့်မြင့် အာဆီယံ အစည်းအဝေးများမှ တားမြစ်ထားသည်။ 

မြန်မာနိုင်ငံက အကြီးဆုံး ထောင်တွင် ဗုံးပေါက်ကွဲခြင်းနှင့် အနည်းဆုံး လူ ၅၀ သေဆုံးရသည်ဟု မီဒီယာများက ဖော်ပြသော ကချင်ပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုတို့အပါအဝင် မကြာသေးသော သီတင်းပတ်များ၌ မြန်မာနိုင်ငံတွင် အသေအဆုံးများသော ဖြစ်ရပ်များ ဖြစ်ပွားထားသည်။ 

အာဆီယံ၏ လာမည့်လ ထိပ်သီးအစည်းအဝေးမတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သို့ မည်သို့ ရှေ့ရှုရန် ထင်မြင်သဘောထားများ ပေါ်ပေါက်လာသည့်ကြားမှ ယခု ဆွေးနွေးပွဲများ ကျင်းပလာခြင်း ဖြစ်ကြောင်း အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက ပြောသည်။ 

အင်ဒိုနီးရှားက ယခု အစည်းအဝေးသို့ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် ကိုယ်စားလှယ်ကို စေလွှတ်ရန် မြန်မာကို ဖိတ်ခေါ်ခဲ့သော်လည်း စစ်အာဏာသိမ်းအုပ်စုက သဘောမတူခဲ့ကြောင်း အိမ်ရှင် ကမ္ဘောဒီးယား အစိုးရက ပြောသည်။ 

အာဆီယံသည် နိုင်ငံတကာ ငြိမ်းချမ်းရေး အားထုတ်မှုများ၌ ဦးဆောင်နေခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်က အာဆီယံနှင့် သဘောတူခဲ့သော ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည် ဖော်ရာတွင် စစ်အာဏာသိမ်းအုပ်စုက လေးစားမှု အနည်းငယ်သာ ပြသည်။ 

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေး သဘောတူညီမှုဆီ ဆွေးနွေးပွဲများ စတင်ရန်တို့အပြင် ကြားဝင်ဖျန်ဖြေရေး လွယ်ကူချောမွေ့စေရန်အတွက် အာဆီယံ ဥက္ကဋ္ဌ၏ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့ရန်အတွက် အာဆီယံကို ခွင့်ပြုရန်တို့အပါအဝင် ဘုံသဘောတူညီချက် ငါးရပ်ကို စစ်အာဏာသိမ်းအုပ်စုနှင့် အာဆီယံတို့ကြား ပြီးခဲ့သည့်နှစ်က သဘောတူခဲ့ကြခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly