မြန်မာဒုက္ခသည်များကို နေရပ်ပြန်မပို့ရန် မလေးရှားကို HRW တိုက်တွန်း

မြန်မာဒုက္ခသည်များကို နေရပ်ပြန်မပို့ရန် မလေးရှားကို HRW တိုက်တွန်း

October 24

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာဒုက္ခသည်များကို ၎င်းတို့၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ လိုအပ်ချက်များနှင့်ပတ်သက်ပြီး သင့်လျှော်မျှတစွာ အကဲဖြတ်သုံးသပ်ခြင်း မရှိဘဲ နေရပ် ပြန်မပို့ရန် နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က မလေးရှားအစိုးရကို အောက်တိုဘာ ၂၄ ရက်တွင် သတိပေးလိုက်သည်။

ထို့ပြင် ဒုက္ခသည်များ၏ အခြေအနေနှင့် ပတ်သက်ပြီး လေ့လာကြည့်ရှုရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) မှ တာဝန်ရှိသူများကို မလေးရှား လူဝင်မှု ထိန်းသိမ်းရေး စင်တာများသို့ သွားရောက်ကြည့်ရှုခွင့်ပြုရေး HRW က မလေးရှားအာဏာပိုင်တို့ကို တိုက်တွန်းခဲ့သည်။

မလေးရှားသည် ယခုနှစ်ထဲတွင် မျှတသော အန္တရာယ် အကဲဖြတ်ချက်တစ်ရပ် လုပ်ဆောင်ခြင်း မရှိဘဲ မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့မှုများ အကြိမ်ကြိမ် လုပ်ဆောင်ထားခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ချက်တစ်စောင်ထဲတွင် ပြောကြားသည်။ မလေးရှား လူဝင်မှုအာဏာပိုင်တို့သည် ယမန်နှစ် ဖေဖေါ်ဝါရီလက တရားရုံးချုပ် ညွှန်ကြားချက်တစ်ရပ်ကို ချိုးဖောက်ခဲ့သည့် ဖြစ်စဉ်နှစ်ခု နှင့် ယခုနှစ် စက်တင်ဘာ နှင့် အောက်တိုဘာလတို့တွင် လုပ်ဆောင်ခဲ့သော အခြား နေရပ်ပြန်ပို့မှုဖြစ်စဉ်တို့ကို HRW က ကိုးကားပြောဆိုသည်။

“နိုင်ငံရေး ခိုလှုံခွင့် တောင်းသူတွေကို မြန်မာနိုင်ငံဆီ ပြန်ပို့တာက တက်ကြွလှုပ်ရှားသူတွေ၊ အစိုးရနဲ့ သဘောထားကွဲလွဲ ဆန့်ကျင်သူတွေနဲ့ ဖိနှိပ်ခံ လူနည်းစုတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်အောက် ပြန်ရောက်စေအောင် လုပ်သလို ဖြစ်နေပါတယ်” ဟု HRW ၏ အာရှ ဆိုင်ရာ သုတေသီ ရှာယ်နာ ဘော်ချ်နာက ပြောသည်။

“မလေးရှား အစိုးရအနေနဲ့ ကုလ ဒုက္ခသည်အေဂျင်စီကို လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရသူတွေဆီ အမြန်ဆုံး အတားအဆီးမရှိ သွားရောက် လေ့လာကြည့်ရှုခွင့် ပြုသင့်သလို သူတို့ရဲ့ ဒုက္ခသည် အခြေအနေဆိုင်ရာ ပြောဆိုချက်တွေနဲ့ အကာအကွယ်ပေးဖို့ အခြားလိုအပ်ချက်တွေကို အကဲဖြတ်ခွင့်ပေးရပါလိမ့်မယ်”

ရိုဟင်ဂျာ မွတ်စလင် ၁၀၀,၀၀၀ ကျော် အပါအဝင် မြန်မာနိုင်ငံမှ အများစုဖြစ်သော ဒုက္ခသည်များနှင့် နိုင်ငံရေး ခိုလှုံခွင့် တောင်းသူ ၁၈၅,၀၀၀ ခန့်သည် မလေးရှားတွင် UNHCR နှင့် မှတ်ပုံတင်ထားသည်။

ကလေးငယ် ၁,၅၀၀ ကျော် အပါအဝင် နိုင်ငံတစ်ဝန်းရှိ လူဝင်မှု ထိန်းသိမ်းရေးစင်တာ ၂၁ ခုတွင် လူပေါင်း ၁၇,၅၀၀ ထက်မနည်း ထိန်းသိမ်းခံထားရသည်။ အဆိုပါ လူဝင်မှု ထိန်းသိမ်းရေးစင်တာများရှိ အခြေအနေများက ကြောက်မက်ဖွယ် ဖြစ်ကြောင်း HRW က ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required