ဖားကန့်မြို့နယ်ရှိ KIA တပ်မဟာ (၉) နယ်မြေသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ KIA အရာရှိများအပါအဝင် ၁၀ ဦးခန့်သေဆုံး

ဖားကန့်မြို့နယ်ရှိ KIA တပ်မဟာ (၉) နယ်မြေသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ KIA အရာရှိများအပါအဝင် ၁၀ ဦးခန့်သေဆုံး
ပုံစာ - KIA တပ်ဖွဲ့ဝင်များ (ပုံအဟောင်း)

October 24

မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၉) နယ်မြေတွင် ( ၆၂) နှစ်မြောက် KIO အစိုးရတော်လှန် ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂေါက်ကွင်းဖွင့်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA အရာရှိအချို့နှင့် ကချင်အနုပညာရှင် အချို့ ထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၃ ရက်နေ့ ည ၈ နာရီခန့်တွင် KIA တပ်မဟာ (၉) ထိန်းချုပ်နယ်မြေ ၊ တပ်ရင်း (၆)ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်လာရောက်ဗုံး ကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်များ ထံက သိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA အရာရှိပိုင်းနှင့် ရဲဘော်အချို့အပါအဝင် ကချင်အနု ပညာရှင်များနှင့် ဒေသခံပြည်သူများ သေဆုံးခဲ့ရသည်။

“ အတိအကျတော့ မသိသေးဘူး။ မေးကြည့်နေတုန်းပဲရှိသေးတယ်။ KIA လူကြီးပိုင်း နှစ်ယောက်၊ သုံးယောက်လောက်ပါတယ်။ နာမည်အတိအကျနဲ့တော့ လောလောဆယ် ပြောလို့အဆင်မပြေသေးဘူး။ နောက်ပြီး ရွာကလာတဲ့ဒေသခံတွေနဲ့ ကချင်တိုင်း ရင်းသား အနုပညာရှင်တွေလည်းပါတယ်” ဟု KIA တပ်ဖွဲ့ဝင် အရာရှိက မဇ္ဈိမကို ပြောသည်။

တံတားဦးလေဆိပ်ဘက်မှတက်လာသည့် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် နှစ်စီးသည် ဗုံးလက်နက်ကြီးလေးလုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဥရုချောင်းအကျော်တွင် ဗုံးနှစ်လုံးနှင့် ဖားကန့်မြို့ အောင်ဘာလေကျေးရွာ KIA လေ့ကျင့်ရေးကွင်းအနီးတွင် ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များထံက သိရသည်။

“အဲ့နားမှာက KIA ရဲ့ လေ့ကျင့်ရေးဆင်းတဲ့နေရာရှိတယ်။ ဒါကြောင့် အဲ့ဒီနေရာကို ပစ်သွားတာ ဖြစ်မယ်” ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များသည် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ဖားကန့်မြို့ပေါ်တွင် ပျံဝဲခဲ့ပြီး အင်းတော်ကြီး-ဟိုပင်ဘက်သို့လည်း ဖြတ်ပျံသန်းခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားမကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ယမန်နေ့ နံနက် ၇ နာရီခန့် ကလည်း စပေါ့ကျေးရွာအုပ်စု မိုးကာတဲကျေးရွာသို့ ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် KIA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယမန်နေ့ ညဖြစ်စဉ်နှင့်ပတ်သက်၍ KIO ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။ ထိခိုက်သေဆုံးခဲ့သည့် အရေအတွက်နှင့်ပတ်သက်၍ မဇ္ဈိမ သတင်းဌာနက ဆက်လက်စုံစမ်းလျက်ရှိသည်။စာတည်း။ ။မောင်ကောင်း

#ကချင်ပြည်နယ်

#ဖားကန့်မြို့နယ်

#KIAတပ်မဟာ၉

#စစ်ကောင်စီ

#ဂျက်တိုက်လေယာဉ်

#ဗုံးကြဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required