မြန်မာအရေး အရေးပေါ်စည်းဝေးရန် အာဆီယံ စီစဉ် 

မြန်မာအရေး အရေးပေါ်စည်းဝေးရန် အာဆီယံ စီစဉ် 

အောက်တိုဘာလ ၂၂ ရက်

ဖနွမ်းပင်တွင် နိုဝင်ဘာလ၌ အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး မတိုင်မီ ပဋိပက္ခဒဏ်သင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး လာမည့် သီတင်းပတ်၌ ဂျကာတာတွင် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ပြုလုပ်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက သောကြာနေ့တွင် ပြောသည်။ 

ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းချိန်မှစကာ မြန်မာနိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေဆိုက်နေပြီး သဘောထားကွဲလွဲသူများကို စစ်တပ်၏ လူမဆန်စွာ ဖြိုခွင်းမှုများ၌ လူပေါင်း ၂,၃၀၀ ကျော်ထက်မနည်း သေဆုံးရကြောင်း ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်အရ သိရသည်။ 

ပဋိပက္ခအား ဖြေရှင်းရေး၌ အာဆီယံ၏ ဦးဆောင်ကြိုးပမ်းမှုများသည် လက်ရှိအထိ အချည်းနှီးဖြစ်နေပြီး နိုင်ငံရေးအကျဉ်းသား လေးဦးအား ကွပ်မျက်ခြင်းနှင့် ကလေး ၁၂ ဦးအပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့ရသည့် မကြာသေးခင်က ဖြစ်ပွားသော စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ရက်စက်မှုများ အရှိန်မြင့် ဖြစ်ပွားခြင်းက အာဆီယံအဖွဲ့ကို ဖိစီးမှု ဖြစ်စေသည်။ 

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပါဝင်သည့် အစည်းအဝေးတစ်ရပ်၌ သဘောတူခဲ့သော ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးတွင်လည်း တိုးတက်မှု အနည်းအကျဉ်းသာ ရှိသည်။ အဆိုပါ ဘုံသဘောတူညီချက် ငါးရပ်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ တိုးမြှင့်ပေးရေးတို့အပြင် စစ်တပ်နှင့် အာဏာသိမ်းမှု ဆန့်ကျင်သည့် လှုပ်ရှားမှုများကြား ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးတို့ ပါဝင်သည်။ 

ဂျကာတာရှိ အာဆီယံ အတွင်းဝန်ရုံးတွင် လာမည့် ကြာသပတေးနေ့၌ အစည်းအဝေးကျင်းပရန် ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါ တွေ့ဆုံမှု၌ ဘုံသဘောတူညီချက် ငါးရပ်နှင့် ပတ်သက်သော တိုးတက်မှုများကို ပြန်လည်သုံးသပ်မည် ဖြစ်သည်။ 

“ခေါင်းဆောင် အစည်းအဝေး မတိုင်မီ ထပ်တိုး သုံးသပ်မှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်တဲ့ အထူး အစည်းအဝေးတစ်ရပ်ပါပဲ”ဟု ယင်း တာဝန်ရှိသူက အေအက်ဖ်ပီသို့ ပြောသည်။ 

“မြန်မာစစ်အာဏာသိမ်းအုပ်စုဟာ ဒီ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် ဆန္ဒရှိတာမျိုး မပြသဘူး”ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဖြစ်တန်ခြေရှိသည့် ရပ်ဆိုင်းမှုသည် လွယ်ကူသော လုပ်ငန်းစဉ် ဖြစ်လိမ့်မည် မဟုတ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly