မန္တလေးမြို့တွင် ဆီဆိုင်တချို့ အရောင်းရပ်၊ တန်းစီဝယ်ယူရမှုပြန်ဖြစ်လာ

မန္တလေးမြို့တွင် ဆီဆိုင်တချို့ အရောင်းရပ်၊ တန်းစီဝယ်ယူရမှုပြန်ဖြစ်လာ

October 22

မန္တလေး(မဇ္စျိမ)။ ။မန္တလေးမြို့က စက်သုံးဆီအရောင်းဆိုင်အချို့ အရောင်းရပ်လိုက်ရာ ဆိုင်ကြီးများတွင် တန်းစီ၀ယ်ယူမှုများ ပြန်ဖြစ်လာသည်ကို တွေ့ရသည်။

"ဆီ၀င်ထည့်ရင် လက်ခါပြတယ်။ ဆိုင်တော်တော်များများကတော့ အရောင်းရပ်လိုက်တယ်လို့ပဲ ပြောတယ်။ အခု BOC တို့လို ဆိုင်ကြီးတွေမှာ ကားတန်းကြီးတွေပြန်ဖြစ်နေပြီ" ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ဒေါ်လာငွေလဲနှုန်း မြင့်တက်လာသည့် သတင်းများကြောင့် စက်သုံးဆီဆိုင်များအပေါ် ရိုက်ခတ်လာခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။

ယနေ့အောက်တိုဘာလ ၂၂ ရက်နံနက် ၇ နာရီကျော်ခန့် မှစ၍ မန္တလေးမြို့က စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် တန်းစီ၀ယ်ယူမှုများ ပြန်ဖြစ်လာခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ္ဍာရေး စောင့်ကြည့်အဖွဲ့၏ Financial Action Task Force-FATF က၊ မြန်မာနိုင်ငံအား အီရန်နှင့် မြောက်ကိုရီးယားတို့နည်းတူ အမည်ပျက်စာရင်း ထည့်သွင်းကြောင်း ယမန်နေ့ အောက် တိုဘာ ၂၁ ရက်ညက ကြေညာလိုက်ရာ ပြည်တွင်းဒေါ်လာငွေလဲနှုန်း အဆမတန်မြင့်တက်သွားကြောင်း ကောလာဟလ များထွက်လျက်ရှိသည်။

၎င်းအကျိုးဆက်ကြောင့် ယနေ့နံနက်ပိုင်းမှစ၍ မန္တလေးမြို့က စက်သုံးဆီအရောင်းဆိုင်အချို့ အရောင်းရပ်ထားကြောင်းသိရပြီး ဆိုင်ကြီးများတွင်တန်းစီ၀ယ်ယူရမှုများ ပြန်ဖြစ်လာခြင်းဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ငွေလဲနှုန်း

#စက်သုံးဆီ

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly