မျိုးစောင့်ဥပဒေ ၄ခုအပြင် လူ့အခွင့်အရေးနှင့်မကိုက်ညီသည့်ဥပဒေများ ဖျက်ဖို့တိုက်တွန်း

မျိုးစောင့်ဥပဒေ ၄ခုအပြင် လူ့အခွင့်အရေးနှင့်မကိုက်ညီသည့်ဥပဒေများ ဖျက်ဖို့တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။ ။ ဦးသိန်းစိန်အစိုးရ တာဝန်ယူချိန်အတွင်း ပြဋ္ဌာန်းထားခဲ့သည့် မျိုးစောင့်ဥပဒေ ၄ခုကို ပယ်ဖျက်သင့်သည်ဟု လွတ်လပ်စွာကိုးကွယ်မှုအစီရင်ခံစာဖြင့် ညီမျှခြင်းမြန်မာက အစိုးရသစ်ကို ဖေဖော်ဝါရီ ၂၈ရက်တွင် အကြံပြု တိုက်တွန်းသည်။

"ကျွန်တော်တို့အနေနဲ့ မျိုးစောင့်ဥပဒေ ၄ ခုလုံးကလုံးဝပယ်ဖျက်သင့်တယ်လို့ထင်တယ်။ အဲဒီအပြင် ပုဒ်မ ၁၈၊ ၁၉လို ပုဒ်မတွေ၊ သတင်းမီဒီယာဥပဒေ၊ အသင်းအဖွဲ့ဥပဒေထဲက အချက်အချို့ အဲလိုဟာတွေကို ပြင်ဆင်၊ ပယ်ဖျက်ဖို့ အကြံပြုထားတယ်။" ဟု ညီမျှခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မဇ္ဈိမကိုပြောသည်။

ညီမျှခြင်းမြန်မာ၏ ဖေဖော်ဝါရီ ၂၈ရက်၊ နေ့လည် ၁နာရီ၊ ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အခြေအနေ သုံးသပ်ချက်စာတမ်း ထုတ်ပြန်ရှင်းလင်းပွဲတွင် မဇ္ဈိမကို ပြောသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အစိုးရဖွဲ့နိုင်ရေးအတွက် ပါတီတွင်း ပြင်ဆင်မှုများ ပြုလုပ်နေပြီး ဒုတိယအကြိမ်လွှတ်တော်များကို တာဝန်လွှဲပြောင်းယူကာ ကျင်းပနေသည်။

ဒုတိယအကြိမ် ပြန်လည်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် မကိုက်ညီသည့် ဥပဒေများကို ပယ်ဖျက်ခြင်းနှင့် ပြဋ္ဌာန်းပြီးဥပဒေများကိုလည်း ပယ်ဖျက်သွားမည်ဟု ဖေဖော်ဝါရီ ၁ရက်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီးသည်နှင့် တစ်ပြိုင်နက် ကတိပြု ပြောဆိုထားသည်။  

ယင်းဥပဒေများပြင်ဆင်နိုင်ရေးအတွက် လက်ရှိလွှတ်တော်သစ်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် မြန်မာ့အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ကို တောင်းဆိုထားသည်။

ဦးအောင်မျိုးမင်းက "မျိုးစောင့်ဥပဒေ ၄ခုကတော့ အစိုးရသစ်အတွက် ထိရှလွယ်မယ်၊ ပြောင်းမယ်၊ ပြင်မယ် ဆိုရင် မ.ဘ.သ က အထိမခံဘူး၊ တပ်ကဖွဲ့စည်းပုံကိုအထိမခံသလို။ အဲဒါကိုဘယ်လိုအဆင့်တွေနဲ့ ကျော်ဖြတ်မလဲဆိုတာ အစိုးရသစ်က ပြင်ဆင်ဖို့လိုမယ်။" ဟု ပြောသည်။

ညီမျှခြင်းမြန်မာက ယနေ့(ဖေဖော်ဝါရီ ၂၈ရက်တွင်) ထုတ်ပြန်သည့် အစီရင်ခံအတွက် အကြံပေးအဖြစ်လည်းဆောင်ရွက်သူ အာဆီယံ ဒေသအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေး လှုပ်ရှားသူ ရောဘတ်ကလည်း "လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် လူ့အခွင့်အရေးအခြေအနေတွေက အားလုံးနီးပါးအတူတူပါပဲ စင်ကာပူက ထိပ်ဆုံးမှာဆိုရင် မြန်မာက အလယ်လည်းမဟုတ်၊ အောက်မှာလည်းမဟုတ်တဲ့အခြေအနေပဲ၊ အဲဒီလိုပဲ ကမ္ဘောဒီးယား၊ လာအိုတို့ အခြေအနေတွေနဲ့ မြန်မာကလည်း မတိမ်းမယိမ်းရှိနေသေးတယ်။" ဟု မဇ္ဈိမကိုပြောသည်။

မျိုးစောင့်ဥပဒေများ ပြည်သူ့ဆန္ဒရှိက ပြင်နိုင်၊ ပြောင်းနိုင်သည်ဟု မ.ဘ.သ နာယကအဖွဲ့ဝင် ဆရာတော် ဦးဓမ္မပီရက မဇ္ဈိမ ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၂ရက်သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကိုပြောထားသည်။

"ဘုရားပြဌာန်းထားတဲ့ ဥပဒေတွေကလွဲရင် လူတွေလုပ်တဲ့ ဥပဒတွေက ပြည်သူ့ဆန္ဒရှိရင် ပြင်လို့ပြောင်း လို့ရတယ်။ ဒါပေမယ့် ပြည်သူအများစုက မပြင်ချင်ရင် အဲဒီခေတ် အဲဒီအခါမှာဆန္ဒပြကြမယ် တောင်းဆိုမယ်။ ရွေးကောက်ပွဲ နီးတဲ့အချိန်မှာ အနာဂတ်မှာ အလှမ်းကွာဝေးတဲ့ အရာတွေကို ဘုန်းဘုန်းတို့ မ.ဘ.သ အနေနဲ့ ဘာမှကြိုတင်ပြုပြင်မှုလည်းမရှိပါဘူး။" ဟုလည်း မိန့်ထားသည်။

မျိုးစောင့်ဥပဒေများဖြစ်သည့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ ဗုဒ္ဓဘာသာအမျိုးသမီးများ အထူး ထိမ်းမြှားခြင်းဥပဒေ၊ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဥပဒေများကို ဦးသိန်းစိန်အစိုးရက ၂၀၁၄ခုနှစ် ဒီဇင်ဘာတွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြကာ ၂၀၁၅ခုနှစ် မတ်လအတွင်းလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly