ရက္ခိုင့်တပ်တော်မှ တပ်သားအဆင့်ရှိ ရဲဘော် ၂ ယောက်မှ အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့်ခဲ့သည့်အတွက် ပြစ်ဒဏ်ချမှတ်

ရက္ခိုင့်တပ်တော်မှ တပ်သားအဆင့်ရှိ ရဲဘော် ၂ ယောက်မှ အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့်ခဲ့သည့်အတွက် ပြစ်ဒဏ်ချမှတ်

အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စုနေ အသက်(၃၀)အရွယ် အိမ်ထောင်သည် မွတ်ဆလင်အမျိုးသမီးတစ်ဦးကို ရက္ခိုင့်တပ်တော်မှ တပ်သားအဆင့်ရှိ ရဲဘော် နှစ်ယောက်မှ အဓမ္မပြုကျင့်ခဲ့သည့်အတွက် ရက္ခိုင့်တပ်တော် စစ်ခုံရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စုနေ အသက်(၃၀)ရွယ် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံရသူမှ တိုင်တန်းလာသည့်အတွက် စစ်ခုံရုံးဖွဲ့ပြီး စနစ်တကျစုံစမ်းစစ်ဆေးခဲ့ရာ ကျူးလွန်သူတရားခံနှစ်ဦး၊ ကျူးလွန်ခံရသူ မိသားစု၊ အခင်းဖြစ်ပွားရာအနီးပတ်ဝန်းကျင်မှ သက်သေအချို့အား ဆယ်ရက်ခန့် သေချာစွာစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူ နှစ်ဦးစလုံးမှာ ပြစ်မှုမြောက်ကြောင်းထင်ရှားသည့်အတွက် တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထားကြောင်းတွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုပြစ်မှုကျူးလွန်သူ တပ်သားနှစ်ဦးမှာ ခွင့်ပြုချက်မရှိဘဲ အရက်သေစာသောက်စားမူးယစ်ပြီးနောက် အမှန်တကယ် အဓမ္မပြုကျင့်ခဲ့ကြောင်း နှစ်ဦးစလုံးမှ ကိုယ်တိုင်ဝန်ခံထွက် ဆိုထားသည်။

ထိုသို့ ပြစ်မှုကျူးလွန်ခဲ့သူ တပ်သားနှစ်ဦးကို တပ်တော်၏ စစ်ဥပဒေနှင့်အညီ ၂၀၂၂နှစ်ခု၊ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ၎င်းပြစ်မှုနှင့်ထိုက်တန်သည့် ပြစ်ဒဏ်ကို နစ်နာသည့် မိသားစုဝင်များ၊ ကျေးရွာခေါင်းဆောင်အချို့နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့ ရှေ့မှောက်တွင် အလုပ်ကြမ်းနှင့် ထောက်ဒဏ် အနှစ် ၂၀ ချမှတ်သည့်အပြင်၊ ကြိမ် ဒဏ် အချက် ၃၀ကိုပါ ချမှတ်ထားပြီး၊ ကြိမ်ဒဏ်ကိုချမှတ်ထားပြီဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်သည်ဟု ဖော်ပြထားသည်။

ရက္ခိုင့်ပြည်သူ့အစိုးရသည် အာရက္ခဒေသအတွင်း “တရားမျှတ ပြည်အာရက္ခ” ဆောင်ပုဒ် နဲ့အညီ အာရက္ခပြည်သူလူထုများ၏ တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းဆောက်ရွက် လျှက်ရှိပါသည်။ ထိုအတူ ပြစ်မှုကျူးလွန်သည့်မည်သူမဆို ကျောသား၊ ရင်သား၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်လျှက်ရှိ ကြောင်း အများပြည်သူများသိရှိစေရန် ထုတ်ပြန်အပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရက္ခိုင့်ပြည်သူ့အစိုးရ

#ဘူးသီးတောင်မြို့နယ်

#မွတ်ဆလင်

#က္ခိုင့်တပ်တော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required