ဖမ်းဆီးခံရစဉ်က အသက်မပြည့်သေးသည့် ရွှေတောင်မြို့နယ် အကသကျောင်းသားကို အကြမ်းဖက်ပုဒ်မဖြင့် ထောင်၁၀နှစ်ချမှတ်

By သွင်ထူးဈာန်
21 October 2022
ဖမ်းဆီးခံရစဉ်က အသက်မပြည့်သေးသည့် ရွှေတောင်မြို့နယ် အကသကျောင်းသားကို အကြမ်းဖက်ပုဒ်မဖြင့် ထောင်၁၀နှစ်ချမှတ်

အောက်တိုဘာ ၂၁

မဇ္ဈိမ။ ။ပဲခူးတိုင်း ၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်မှ အခြေခံကျောင်းသားများ သမဂ္ဂ (အကသ)ကျောင်းသားတစ်ဦးကို ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ ပြည်ခရိုင် တရားရုံးက အကြမ်းဖက်ပုဒ်မ ၅၀ ( က ) ၊ ၅၂ ( က )တို့ဖြင့် နှစ်ရှည်ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူသည် ရွှေတောင်မြို့နေ အသက်၁၈နှစ်အရွယ် ကိုဖုန်းပြည့်ပိုင် (ခ)ပါပုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် တောင်ငူခရိုင်၊ KNU ထိန်းချုပ်နယ်မြေတပ်မဟာ(၂)တွင် လူငယ်ငါးဦးနှင့်အတူ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီးတဲ့နောက် သူက ထွက်ပြေးတိမ်းရှောင် နေတယ်ပေါ့။ နောက်တော့ တောထဲမှာ ဖမ်းမိတယ်။ ဖမ်းမိတဲ့အချိန်မှာ သူက အသက် ၁၈ နှစ် မပြည့်သေးဘူး။ အဲ့ဒါကို ကလေးသူငယ်တရားရုံးနဲ့ အမိန့်မချဘဲ ခရိုင်အဆင့်ပုဒ်မ တွေတပ်ပြီး အမိန့်ချမှတ်လိုက်တာ။ ထောင်ထဲမှာတော့ ခဏခဏဖျားတယ်။ စစ်ကြော ရေးထဲမှာ အတော်နှိပ်စက်ခံထားရတာဗျ”ဟု ပြီးခဲ့သည့်လပိုင်းတွင် ပြည်အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်သား ဟောင်းတစ်ဦးက ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူ ကိုဖုန်းပြည့်ပိုင်၏ ဖခင်ဖြစ်သူမှာ မသန်စွမ်းတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူသာ ရုန်းကန်နေရ၍ ထောင်ဝင်စာပို့ရန် အခက်ခဲများ ရှိနေကြောင်းသိရသည်။

စစ်ကောင်စီသည် ကိုဖုန်းပြည့်ပိုင်ကို ကလေးသူငယ် ဥပဒေဖြင့် တရားစွဲဆိုမှုမရှိဘဲ ကြီးလေးသည့် ဥပဒေများဖြင့် တရားစွဲဆိုခြင်းဖြင့် နိုင်ငံတကာကွန်ဗင်ရှင်းကို ချိုးဖောက်ခဲ့ ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုသည်။

အဆိုပါအမှုကို စစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီးတရားလွှတ်တော်အထိ အယူခံဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။။ ။ အောင်ကျော်ဖြိုး

#ပဲခူးတိုင်း

#ရွှေတောင်မြို့နယ်

#အကသကျောင်းသား

#ထောင်ဒဏ်၁၀နှစ်

#စစ်ကောင်စီချမှတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly