အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသားများကို အတင်းအကျပ် ပြန်မပို့ရန် ကုလသမဂ္ဂ တိုက်တွန်း 

အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသားများကို အတင်းအကျပ် ပြန်မပို့ရန် ကုလသမဂ္ဂ တိုက်တွန်း 

October 21

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသားများကို အတင်းအကျပ် ပြန်ပို့နေခြင်းများ ရပ်တန့်ရန် ကုလသမဂ္ဂက ကြာသပတေးနေ့တွင် တိုက်တွန်းပြီး မြန်မာနိုင်ငံတွင် “မရေတွက်နိုင်သော ဘဝများ” က ဘေးအန္တရာယ် ရှိနေသည်ဟု ဆိုသည်။ 

၂၀၂၁ ဖေဖော်ဝါရီမှစတင်ကာ မြန်မာဒုက္ခသည်များနှင့် နိုင်ငံရေး ခိုလှုံခွင့် ကြိုးစားသူများကို အိမ်နီးချင်းနိုင်ငံများက အတင်းအကျပ် ပြန်ပို့နေသည့် သတင်းများစွာ ကြားသိနေရခြင်းအတွက် အလွန်စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR က ပြောသည်။ 

အပြင်းအထန် ထိခိုက်နစ်နာမှုများမှ ဘေးကင်းရာ ရှာဖွေသည့် မြန်မာနိုင်ငံသားများကို ပြန်ပို့နေခြင်းများ ချက်ချင်းရပ်ရန် ဒေသတွင်း နိုင်ငံများအား အေဂျင်စီက အရေးတကြီး မေတ္တာရပ်ခံသည်။ 

“ဘေးကင်းလုံခြုံရေးအတွက် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်လက် အကာအကွယ်ပေးဖို့ နိုင်ငံတွေကို ကျွန်မတို့ရဲ့ တောင်းဆိုချက်ကို ထပ်လောင်းပြောပါတယ်၊ မြန်မာနိုင်င့က နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသူတွေနဲ့ ဒုက္ခသည်တွေကို အချိန်အကန့်အသတ်မရှိ ထိန်းသိမ်းထားတာမျိုး လုပ်ရပ်တွေကိုလည်း ရပ်တန့်ဖို့ ပြောပါတယ်”ဟု UNHCR မှ အကာအကွယ်ပေးရေးဆိုင်ရာ လက်ထောက်ကော်မရှင်နာ ဂျဲလီယန် ထရစ်ချ်က ပြောသည်။ 

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းချိန်မှစကာ ဝရုန်းသုန်းကား ဖြစ်နေပြီး နိုင်ငံအနှံ့ တိုက်ပွဲများလည်း ဖြစ်ပွားသည်။ 

အာဏာသိမ်းချိန်မှစကာ သဘောထားကွဲလွဲသူများအား စစ်တပ်၏ ဖြိုခွင်းမှုအတွင်း လူပေါင်း ၂၃၀၀ ကျော် သေဆုံးသည်။ စစ်တပ်က ရွာများကို မီးရှို့ခြင်း၊ တရားလက်မဲ့ သတ်ဖြတ်ခြင်းနှင့် အရပ်သားများကို လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။ 

အရပ်သား ၃၉၀၀ နီးပါး သေဆုံးရခြင်းအတွက် စစ်တပ်က အာဏာသိမ်းမှု ဆန့်ကျင်သော တိုက်ခိုက်ရေးသမားများကို အပြစ်တင်သည်။ 

အကြမ်းဖက်မှုများကြောင့် နိုင်ငံသားများ ထွက်ပြေးကြရပြီး ၎င်းတို့အနေဖြင့် ပြည်ပတွင် နိုင်ငံရေးခိုလှုံခွင့် ကြိုးစားခြင်းကို ခွင့်ပြုပေးရမည်ဖြစ်ကာ အတင်းအကျပ် ပြန်ပို့ခြင်းမှ ကာကွယ်ပေးရမည် ဖြစ်ကြောင်း ထရစ်ချ်က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required