အောက်တိုဘာ ၂၀
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပင်လယ်ဆိပ်ကမ်းနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။
အောက်တိုဘာ ၁၈ ရက်က မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ တွေ့ဆုံစဉ် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"နောင်တစ်ချိန်မှာ မော်လမြိုင်ဒေသကို ခရီးသွားတွေ ဝင်ရောက်မှုပိုမိုအားကောင်းလာစေဖို့နဲ့ လေကြောင်းကနေ ကုန်စည်စီးဆင်းမှုတွေ မြှင့်တင် ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
မော်လမြိုင်မြို့တွင် ယခင်က ပင်လယ်ဆိပ်ကမ်းရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအသုံးပြုမှုမရှိဘဲ မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေး ဆောင်ရွက်နေကြောင်းဆိုထားသည်။
ထို့အပြင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတကာတွင်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးကြသလို၊ မွန်ပြည်နယ်သည် သာယာလှပသည့် ဒေသတစ်ခုဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
သို့သော်လည်း မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း နှင့် မော်လမြိုင်မြို့ အနီးတစ်ဝိုက်တွင် KNU/KNLA အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ဒေသများဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#KNU/KNLA