နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသည့် မြန်မာနိုင်ငံသားများကို အန္တရာယ်ရှိသည့်ကြားမှ မလေးရှားက ပြန်ပို့ 

နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသည့် မြန်မာနိုင်ငံသားများကို အန္တရာယ်ရှိသည့်ကြားမှ မလေးရှားက ပြန်ပို့ 

October 20

မလေးရှားနိုင်ငံသည် နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသည့် ရေတပ်တာဝန်ရှိသူဟောင်းများအပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို ယခုလအတွင်း ပြန်ပို့ခဲ့ပြီး မြန်မာနိုင်ငံ၌ ဖမ်းဆီးခံရမည့် ဘေးအန္တရာယ် ရှိနေသည့်ကြားမှပင် နောက်ထပ် ပြန်ပို့ရန်လည်း စီစဉ်လျက် ရှိကြောင်း ယင်းအရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်လေးရပ်က ပြောသည်။ 

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖယ်ရှားပြီး သဘောထားကွဲလွဲသူများကို ဖြိုခွင်းချိန်မှ စကာ မြန်မာနိုင်ငံတွင်းက ဆူပူအကြမ်းဖက်မှုများကို မလေးရှားနိုင်ငံက ရှုတ်ချထားသည့်ကြားမှပင် ယခုကဲ့သို့ ပြန်ပို့နေခြင်းလည်း ဖြစ်သည်။ 

ပြီးခဲ့သည့်လက ရေတပ်တာဝန်ရှိသူဟောင်း ခြောက်ဦးကို မလေးရှား အာဏာပိုင်များက ဖမ်းဆီးမိပြီး အောက်တိုဘာ ၆ ရက်တွင် လေယာဉ်ဖြင့် ပြန်ပို့ခဲ့ကြောင်း ထိလွယ်ရှလွယ် ကိစ္စရပ်ဖြစ်၍ အမည်မဖော်သည့် သတင်းရင်းမြစ်များက ရိုက်တာသို့ ပြောသည်။ 

တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးကျော်ဌေးနှင့် ဇနီးဖြစ်သူ ဒေါ်ဌေးဌေးရီတို့သည် ရန်ကုန်သို့ ပြန်ရောက်ချိန်၌ ဖမ်းဆီးခံရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ရန်ကုန်တွင် ၎င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို ရိုက်တာအနေဖြင့် အတည်မပြုနိုင်ပေ။ 

မလေးရှားနိုင်ငံ၌ နေထိုင်ရန် တရားဝင် စာရွက်စာတမ်းများ မရှိခြင်းကြောင့် ၎င်းတို့ကို ပြန်ပို့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ 

ရေတပ်တာဝန်ရှိသူ သုံးဦးနှင့် ဒေါ်ဌေးဌေးရီတို့သည် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီသို့ အကာအကွယ် တောင်းခံခဲ့ပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသည့် ကတ်ကို လျှောက်ထားခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ 

ထင်မြင်ချက်ပေးရန် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို မြန်မာအာဏာသိမ်းစစ်တပ် ပြောဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခြင်း မပြုပေ။ 

မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသား ၁၅၀ ကို အောက်တိုဘာ ၆ ရက်တွင် လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မလေးရှားရှိ မြန်မာသံရုံးက ဖေ့ဘုတ်တွင် ပို့စ်တင် ဖော်ပြသည်။ ၎င်းတို့ထဲ၌ ရေတပ်တာဝန်ရှိသူဟောင်း လေးဦး ပါမပါကိုမူ ဖော်ပြခြင်း မရှိပေ။ 

ထင်မြင်ချက်ပေးရန် တောင်းခံမှုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးတို့က တုံ့ပြန်ဖြေကြားခြင်း မရှိပေ။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required