အင်းစိန်အကျဥ်းထောင် ဗုံးခွဲတိုက်ခိုက်မှု တော်လှန်ရေးအင်အားစုအတွင်းမှဖြစ်ပါက ထောက်ပံ့မှုများ ဖြတ်တောက်သွားမည်

အင်းစိန်အကျဥ်းထောင် ဗုံးခွဲတိုက်ခိုက်မှု တော်လှန်ရေးအင်အားစုအတွင်းမှဖြစ်ပါက ထောက်ပံ့မှုများ ဖြတ်တောက်သွားမည်

အောက်တိုဘာ ၂၀

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်ဝင်စာပို့သည့်နေရာတွင် ယမန်နေ့ နံနက်ပိုင်းက ဗုံးနှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်မှုသည် တော်လှန်ရေးအင်အားစုအတွင်းမှ ဖြစ်ပါက ထောက်ပံ့မှုများဖြတ်တောက်သွားမည်ဖြစ်ကြောင်း Solider Cat-ထောက်ပို့အဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ယနေ့တိုက်ခိုက်မှုအား ပြုလုပ်ခဲ့သော အဖွဲ့အစည်းသည် တော်လှန်ရေးအင်အားစုဖြစ်ခဲ့ပါက မဟာမိတ်ထောက်ပို့အဖွဲ့များနည်းတူ ပြည်သူများမှ ထည့်ဝင်ထားသည့် ငွေကြေးများအား ၎င်းတို့ထံ ငွေကြေးစီးဆင်းမှု ဖြတ်တောက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အင်းစိန်ထောင်သည် မတရားအကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများအတွက် ထောင်ဝင်စာပေးပို့ရန် လာရောက်သည့် မိသားစုဝင်များ၊ ဥပဒေအထောက်အကူပြုပုဂ္ဂိုလ်များ အပါအဝင် အရပ်သားများ အမြဲလှုပ်ရှားသွားလာနေသည့် နေရာဖြစ်သဖြင့် ထိုသို့ အများပြည်သူသွားလာနေသည့် နေရာများသည် စစ်ရေးပစ်မှတ်အဖြစ် မသတ်မှတ်သင့်သည့် နေရာများဖြစ်သည်ဟု ယူဆသည်ဟု ဆိုသည်။

ထို့အပြင် မည်သည့်အခြေအနေ၊ အချိန်အခါတွင်ဖြစ်စေ အများပြည်သူဆိုင်ရာနေရာများ၌ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကို မိမိတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်ခဲ့သည်ဖြစ်စေ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်း ထပ်မံအသိပေးထားသည်။

အဆိုပါ ပေါက်ကွဲမှုတွင် နွေဦးတော်လှန်ရေးကာလအတွင်း မတရားဖမ်းဆီးခံထားရသောနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း Solider Cat ထောက်ပို့အဖွဲ့က ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ Solider Cat ထောက်ပို့အဖွဲ့သည် ၂၀၂၁ ဒီဇင်ဘာလမှ စတင်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထောက်ပံ့ကူညီမှု မရရှိသော (သို့မဟုတ်) အထောက်အပံ့ရရှိမှု နည်းပါးသော ဒေသကာကွယ်ရေး Local Defense Force များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု သိရသည်။

Soldier Cat - ထောက်ပို့အနေဖြင့် လက်ရှိတွင် ဒေသကာကွယ်ရေး ရဲဘော်များအတွက် ထောက်ပံ့ကူညီမှု၊ တိုက်ပွဲအတွင်း ဆေးဝါးကုသရေးအတွက် ထောက်ပံ့ကူညီမှု၊ ဒေသကာကွယ်ရေး ရဲဘော်များအတွက် ရိက္ခာထောက်ပံ့ကူညီမှု၊ အရေးပေါ် စစ်ဘေးရှောင် စခန်းများအား ထောက်ပံ့ကူညီမှုနှင့် မြို့ပြရဲဘော်(UG) များအတွက် ထောက်ပံ့ ကူညီမှုများပြုလုပ်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ရန်ကုန်တိုင်း

#အင်းစိန်မြို့နယ်

#အင်းစိန်ဗဟိုအကျဥ်းထောင်

#ထောင်ဝင်စာ

#ဖောက်ခွဲမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly