ရပ်စောက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပြည်သူများကို ရွာပြင်ထွက်ခွင့်မပေး

ရပ်စောက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပြည်သူများကို ရွာပြင်ထွက်ခွင့်မပေး

အောက်တိုဘာ ၂၀

မဇ္ဈိမ။ ။ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်လုံကျေးရွာအုပ်စု ပန်ပျဉ်ကျေးရွာတွင် အောက်တိုဘာလ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို ရွာမှထွက်ခွင့် မပေးဘဲ ကျေးရွာအနီးတွင်စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင် နောင်ချိုမြို့မှရောက်လာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ် ကြောင်းနှင့် အမည်မသိရသေးသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ ပန်ပျဥ်ရွာအနီးရှိ တောတွင်းတစ်နေရာ တွင် တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်းမှပြည်သူများကို အပြင် မထွက်ရန် တားဆီးမှုများပြုလုပ်နေခြင်းသည်။

“ ဒီနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းအထိ ရွာနားမှာရော၊ ရွာထဲမှာရော သူတို့(စစ်ကောင်စီ တပ်) ကရှိနေတယ်။ ယာထဲသွားဖို့ ရွာပြင်သွားတာကိုတားတယ်။ တိုက်ပွဲက ၁၈ ရက်နေ့ ကတည်းက ဖြစ်တာ၊ တစ်နာရီလောက်ပါပဲ သေနတ်သံတွေကြားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ရပ်စောက်မြို့နယ်အတွင်း SSPP/SSA, RCSS/SSA နှင့် နောင်ချိုဘက်မှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များလှုပ်ရှားသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သော လက်နက်ကိုင်အဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်သည်ကို အတည်မပြုနိုင်သေးပေ။

လက်ရှိတွင် စစ်ကောင်စီတပ်က ရပ်စောက်မြို့နယ်အတွင်း အင်အားအများအပြား ဆက်လက်ဖြည့်တင်း နေကြောင်း သိရသည်။

photo-Hsan loi Voice

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်တောင်ပိုင်း

#ရပ်စောက်မြို့နယ်

#တိုက်ပွဲဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly