ဖြစ်ရပ်ဆိုးအပြီးမှာ အင်ဒိုနီးရှားဘောလုံးကဏ္ဍကို အသွင်ပြောင်းမယ်လို့ ဖီဖာဥက္ကဋ္ဌ ကတိပြု

ဖြစ်ရပ်ဆိုးအပြီးမှာ အင်ဒိုနီးရှားဘောလုံးကဏ္ဍကို အသွင်ပြောင်းမယ်လို့ ဖီဖာဥက္ကဋ္ဌ ကတိပြု

အင်ဒိုနီးရှားနိုင်ငံဟာ အားကစားသမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ရပ်ဆိုးကြီးတစ်ခုကြုံခဲ့ရပြီး နှစ်ပတ်အကြာမှာ အလည်အပတ်ရောက်ရှိနေတဲ့ ဖီဖာဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုက နိုင်ငံရဲ့ ဘောလုံးအားကစားကဏ္ဍကို "ပြုပြင်ပြောင်းလဲပြီး အသွင်ပြောင်း"ဖို့ ကူညီမယ်လို့ အင်္ဂါနေ့ ကတိပြုခဲ့ပါတယ်။

အင်ဖန်တီနိုဟာ အရှေ့တောင်အာရှနိုင်ငံမှာ ကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ တစ်နှစ်အလို မြို့တော် ဂျကာတာမှာ သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံခဲ့ပါတယ်။

"ကျနော်တို့ ဒီနိုင်ငံရဲ့ ဘောလုံးကဏ္ဍကို ပြုပြင်ပြောင်းလဲပြီး အသွင်ပြောင်းသွားမှာပါ" လို့ အင်ဖန်တီနိုက ပြောပါတယ်။

အရှေ့ဂျာဗားကျွန်းပေါ်ရှိ မာလန်းမြို့မှာ အောက်တိုဘာ ၁ ရက်က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၃၃ ယောက်ထဲမှာ ကလေးအယောက် ၄၀ ကျော်လည်း ပါဝင်ခဲ့ပြီး ဒီဖြစ်စဉ်ဟာ “ဘောလုံးလောကအတွက် အမှောင်မိုက်ဆုံး နေ့တစ်နေ့” ဖြစ်ခဲ့တယ်လို့ အင်ဖန်တီနိုက ပြောပါတယ်။

အိမ်ရှင်အသင်း အရီမာ အက်ဖ်စီနဲ့ ဧည့်သည်အသင်း ပါဆီဘာယာ ဆူရာဘာယာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ပွဲစဉ်တစ်ခု အပြီးမှာ အားပေးသူ ပရိသတ်တွေက ကွင်းထဲ ကျူးကျော်စုပြုံ ဝင်လာပြီးနောက် ရဲတွေက ထိန်းသိမ်းရင်း လူပြည့်ကျပ်နေတဲ့ ပွဲကြည့်စင်တွေထဲကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူအုပ်ပိမှုကို ဖြစ်စေခဲ့တာပါ။

“အင်ဒိုနီးရှားပြည်သူအားလုံးအတွက် ကျနော်အာမခံနိုင်တာကတော့ ဖီဖာက ခင်ဗျားနဲ့အတူရှိမယ်၊ ဖီဖာက အာရှဘောလုံးအဖွဲ့ချုပ်၊ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်တို့နဲ့ အတူ အစိုးရနဲ့ အလွန်နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဒီနေရာမှာ ရှိနေပါတယ်။"လို့ ဝီဒိုဒိုကို တွေ့ဆုံပြီးနောက် အင်ဖန်တီနိုက ပြောပါတယ်။

အဓိကအာရုံစူးစိုက်မှုမှာ အားကစားကွင်းလည်ပတ်မှုနဲ့ ပရိသတ်အမူအကျင့်တွေ ပိုမိုကောင်းမွန်လာစေဖို့ဖြစ်ပြီး ကျောင်းတွေမှာ ဘောလုံးအတွက် အစီအစဉ်တွေကိုလည်း ဖန်တီးပေးဖို့ဖြစ်တယ်လို့ အင်ဖန်တီနိုက ပြောပါတယ်။

"ကျနော်တို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ဆောင်လာမှာပါ၊ ကူညီပြီး ရင်းနှီးမြုပ်နှံမယ်၊ အင်ဒိုနီးရှားက ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ ထွန်းတောက်လာအောင် ကျနော်တို့ သေချာလုပ်ဆောင်မှာပါ"လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဝီဒိုဒိုက သူဟာ ဖီဖာက "သတ်မှတ်ထားတဲ့ နိုင်ငံတကာ ဘေးကင်းရေး စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိမရှိ သေချာအောင် အင်ဒိုနီးရှားဘောလုံးကဏ္ဍကို စေ့စေ့စပ်စပ် အသွင်ပြောင်းဖို့ ဖီဖာနဲ့ သဘောတူခဲ့တယ်"လို့  ပြောပါတယ်။

"ကစားသမားတွေရော ပရိသတ်တွေအတွက်ရော လုံခြုံရေးပါ အာမခံချက်ရှိရမယ်"လို့ သူက ပြောပါတယ်။

အင်ဖန်တီနိုက ဖီဖာဟာ အသက် ၂၀ နှစ်အောက်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘေးကင်းစွာ ရှေ့ဆက်သွားနိုင်ရေးအတွက် အင်ဒိုနီးရှားအစိုးရနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လူငယ်ပြိုင်ပွဲကို ကျွန်းစုနိုင်ငံတစ်ဝှမ်းရှိ မြို့များစွာမှာ ၂၀၂၃ မေလကနေ ဇွန်လအထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အဆိုပါ ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်လို့ စွဲချက်တင်ခံထားရတဲ့ လူခြောက်ဦးထဲမှာ ရဲတပ်ဖွဲ့ဝင် သုံးဦးလည်း ပါဝင်ပါတယ်။

နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ အမှုဆောင်ကော်မတီဝင်များအားလုံးကို ရာထူးကနေ နုတ်ထွက်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အားကစားကွင်းရဲ့ ပင်မဧည့်ခန်းနဲ့ ကားရပ်နားရာနေရာက CCTV ကနေ ရိုက်ကူးထားပြီး ပျောက်ဆုံးသွားတဲ့ သုံးနာရီကျော်ကြာ ဗီဒီယိုဖိုင်ကိုလည်း ပြန်တွေ့ရှိခဲ့ပါတယ်။

ဖီဖာနဲ့ အာရှေဘေလုံးအဖွဲ့ချုပ် (AFC) တို့မှ ကိုယ်စားလှယ်တွေဟာ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အစိုးရတို့နဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဂျကာတာကို ရောက်ရှိခဲ့ပါတယ်။

ဝီဒိုဒိုဟာ စုံစမ်းစစ်ဆေးမှုတွေ ပြီးမြောက်တဲ့အထိ ဘောလုံးပွဲအားလုံးကို ဆိုင်းငံ့ထားပြီး အားကစားကွင်းအားလုံးရဲ့ လုံခြုံရေးကို ပြန်လည်သုံးသပ်ဖို့ အမိန့်ပေးထားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required