ဖိလစ်ပိုင်နိုင်ငံ အလံကို မလေးမစားလုပ်မိသည့် မက်ဒေါနား ပိတ်ပင်ခံရဖွယ်ရှိ

ဖိလစ်ပိုင်နိုင်ငံ အလံကို မလေးမစားလုပ်မိသည့် မက်ဒေါနား ပိတ်ပင်ခံရဖွယ်ရှိ

နယူးယော့ခ်၊ ဖေဖော်ဝါရီ ၂၇ ။         ။ အမေရိကန် ပေါ့ပ်အဆိုတော် မက်ဒေါနားသည် ယခုသီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တွင် ကျင်းပပြုလုပ်ခဲ့သော ဖျော်ဖြေပွဲအတွင်း  နိုင်ငံအလံကို မလေးမစားလုပ်ခဲ့မှုကြောင့် ပိတ်ပင်ခံရ နိုင်ဖွယ်ရှိကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၅၇ နှစ်အရွယ် မက်ဒေါနားသည် “Rebel Heart” တေးသီချင်းအယ်လ်ဘမ် အရောင်း မြှင့်တင်ရေးအတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြုလုပ်နေပြီး ဗုဒ္ဓဟူးနေ့နှင့် ကြာသတေးနေ့က ဖျော်ဖြေ ရေး လက်မှတ်များ ရောင်းကုန်ခဲ့သည်။

“မက်ဒေါနားက ကျွန်တေ်ာတို့ နိုင်ငံအလံကို လှောင်ပြောင်တယ်။ ဖိလစ်ပိုင်နိုင်ငံ အလံကို အခမ်းအနား အဝတ်အစား ဒါမှမဟုတ် ယူနီဖောင်းအဖြစ် အပြည့်ဝတ်ဆင်ခြင်း သို့မဟုတ် တစ်စိတ် တစ်ပိုင်း ဝတ်ဆင်ခြင်းတွေကို တားမြစ်ထားတဲ့ ဥပဒေကို မက်ဒေါနားက ချိုးဖောက်ခဲ့တယ်” ဟု တာဝန်ရှိသူ တီအိုဒိုရိုအက်တီအန်ဇာက ရေဒီယိုသတင်းဌာန dzBB ကို ပြောကြားခဲ့သည်။

မက်ဒေါနားနှင့် ဖျော်ဖြေရေး ထုတ်လုပ်သူများကို ဥပဒေချိုးဖောက်မှုဖြင့် တာဝန်အရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အက်တီအန်ဇာက ပြောကြားသည်။ အက်တီအန်ဇာသည် ဖိလစ်ပိုင် နိုင်ငံအမျိုးသား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင် အကြီးအကဲ တစ်ဦးဖြစ်သည်။

“မက်ဒေါနားနဲ့ ဖျော်ဖြေပွဲ ထုတ်လုပ်သူတွေဟာ ပြည်နှင်ဒဏ် ခံရနိုင်ဖွယ်ရှိတယ်။ နိုင်ငံအတွင်း သို့ ပြန်လာခွင့် မရနိုင်ပါဘူး။ မက်ဒေါနားဟာ အလံကို ဇာတ်စင်ကြမ်းပြင်နဲ့ ထိအောင် လုပ်ဆောင်ခဲ့ တယ်။ ဒါဟာ နောက်ထပ် ချိုးဖောက်မှုတစ်ခု ဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly