စီးပွားရေးအစီအစဉ်၌ “အမှားအယွင်းများ” ရှိခဲ့ခြင်းအတွက် ဗြိတိန်ဝန်ကြီးချုပ် တောင်းပန်

စီးပွားရေးအစီအစဉ်၌ “အမှားအယွင်းများ” ရှိခဲ့ခြင်းအတွက် ဗြိတိန်ဝန်ကြီးချုပ် တောင်းပန်

အောက်တိုဘာလ ၁၈ ရက်

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ် ထရပ်စ်က သူမ၏ အငြင်းပွားဖွယ် အသေးစား ဘတ်ဂျက် အစီအစဉ်၌ အမှားအယွင်း ဖြစ်ခဲ့ခြင်းအတွက် အောက်တိုဘာ ၁၇ ရက်တွင် တောင်းပန်စကားဆိုသွားခဲ့သည်။ အဆိုပါ ဘတ်ဂျက် အစီအစဉ်ကြောင့် နိုင်ငံသုံး ငွေကြေးတန်ဖိုးကို ကျဆင်းစေခဲ့ပြီး ဘဏ္ဍာရေး ဈေးကွက်များကို လှုပ်ခတ်စေခဲ့သလို သူမ၏ အနီးကပ်ဆုံး နိုင်ငံရေးမဟာမိတ်ဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူကိုလည်း ရာထူးထုတ်ပယ်လိုက်ရသည်အထိ ဦးတည်စေခဲ့သည်။

စက်တင်ဘာလကုန်က အသေးစားဘတ်ဂျက် အစီအစဉ်ကို ထုတ်ဖော်ခဲ့ပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံသူများနှင့် ပါတီဝင်များထံမှ သူမ၏ အစိုးရအဖွဲ့အပေါ် အပြင်းအထန် ဖိအားပေးမှုများ ရှိနေလင့်ကစား သူမအနေဖြင့် လာမည့် အထွေထွေ ရွေးကောက်ပွဲအထိ သူမ၏ ကွန်ဆာဗေးတစ် ပါတီကို ဦးဆောင်ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လစ်ဇ် ထရပ်စ်က ဘီဘီစီနှင့် သီးသန့် အင်တာဗျူးတစ်ခုတွင် အခိုင်အမာ ပြောသည်။

ငွေကြေးထောက်ပံ့မှု မရှိသည့် အခွန်အကောက် လျှော့ချခြင်းများ၊ ကြီးမားသည့် အစိုးရဆိုင်ရာ ငွေချေးယူမှု တို့ကို အဆိုပြုခဲ့သလို စွမ်းအင်ကုမ္ပဏီများကို မမျှော်လင့်ဘဲ အလုံးအခဲရသည့် ငွေကြေးဆိုင်ရာ အခွန်ကောက်ခံမှုမှ ကင်းလွတ်ခွင့်ပြုသည့် ထိုအစီအစဉ်ကြောင့် ဗြိတိန် စတာလင်ပေါင် ငွေတန်ဖိုးကို ဆယ်စုနှစ်များအတွင်း ဒေါ်လာနှင့်ယှဉ်လျှင် အနိမ့်ဆုံးလယ်ဗယ်ကို ထိုးကျစေခဲ့သည်။

“ဒီအခြေအနေတွေအတွက် ကျွန်မမှာ တာဝန်ရှိတယ်ဆိုတာ လက်ခံချင်ပါတယ်။ လုပ်ထားခဲ့တဲ့ အမှားတွေအတွက်လည်း တောင်းပန်စကား ပြောချင်ပါတယ်။ အခွန်နှုန်းထားတွေ မြင့်မားမှု ကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ ပြည်သူတွေကို သူတို့ရဲ့ စွမ်းအင်ဘီလ်တွေနဲ့အတူ ကူညီပေးဖို့ ကျွန်မ လုပ်ပေးချင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်မတို့ အလှမ်းကျယ်လွန်းသွားသလို အလျင်စလို ဖြစ်ခဲ့ပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောသည်။

“စီးပွားရေး တည်ငြိမ်မှု ပြန်လည် ရရှိစေဖို့ မဟာဗျူဟာသစ်တစ်ရပ်နဲ့အတူ ဘဏ္ဍာရေးဝန်ကြီးသစ်တစ်ဦးကို ကျွန်မ တာဝန်ပေးထားပါပြီ”

ဗြိတိန်ဝန်ကြီးချုပ် ထရပ်စ်သည် ပြီးခဲ့သည့် သောကြာနေ့က ယခင်ဘဏ္ဍာရေးဝန်ကြီး ကွာစီ ကွာ့တန်း၏ နေရာတွင် ယခင်ကာလများအတွင်း အစိုးရအဖွဲ့ ဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ဂျရမီး ဟန့်ကို ဘဏ္ဍာရေးဝန်ကြီးသစ်အဖြစ် အစားထိုးခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly