မောင်တောမြို့နယ် ကရုဏာကွန်ရက်လူမှုကူညီရေးအသင်း ဒုတိယခေါင်းဆောင် ဦးလှသိန်း ဖမ်းဆီးခံရ

မောင်တောမြို့နယ် ကရုဏာကွန်ရက်လူမှုကူညီရေးအသင်း ဒုတိယခေါင်းဆောင် ဦးလှသိန်း ဖမ်းဆီးခံရ

အောက်တိုဘာလ ၁၅ ရက်

မောင်တောမြို့နယ်အတွင်း လူမှုရေးလုပ်ငန်းများ ဆောက်ရွက်နေသည့် ကရုဏာကွန်ရက်မှ ဒုတိယခေါင်းဆောင် ဦးလှသိန်းနှင့် အဖွဲ့ဝင် အောင်မြတ်ဟိန်း(ခေါ်)ထူးချေ တို့ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

အောက်တိုဘာလ ၁၄ရက်နေ့ ည ၁၁နာရီကျော်မှာ ၎င်းတို့ နေထိုင်သည့်အိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲ၊ စရဖ တို့ နှင့် စစ်ကောင်စီတပ်သားများ လာရောက်ပြီး ဧည့်စာရင်းစစ်ဆေးမည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

သူတို့နှစ်ဦးကို စခန်းကိုခေါ်ဆောင်ပြီး စစ်ဆေးမည်ဟုဆိုကာ ဖမ်းဆီးသွားသည်ဟု ကရုဏာကွန်ရက်ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က ပြောသည်။

“ သူတို့နှစ်ဦးက သမီးယောက်ဖတွေ တစ်အိမ်တည်းနေကြတာ။ ည ၁၁နာရီကျော်မှ သူတို့ကလာပြီး ဧည့်စာရင်းစစ်ဆေးမယ်ဆိုပြီး အိမ်ကိုဝင်လာတာ။ ပြီးတော့ သူတို့ နှစ်ဦးကို စခန်းကိုစစ်ဆေးမယ်ဆိုပြီး ခေါ်သွားကြပါတယ်။” ဟု သူက မဇ္ဈိမကိုပြောသည်။

သူတို့နှစ်ဦးကို အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ အောက်တိုဘာလ ၁၅ရက်နေ့ နံနက်ပိုင်းတွင် ကိုအောင်မြတ်ဟိန်း(ခေါ်)ထူးချေ မှာ ပြန်လည်လွတ်မြောက်လာသည်ဟု သူကပြောသည်။

မောင်တောမြို့နယ်အတွင်း NGO အဖွဲ့အစည်းများသွားလာမှုကို စစ်ကောင်စီဖက်မှ ကန့်သတ်ပိတ်ပင်ထားသည်။ အခုလို လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရုဏာကွန်ရက်အဖွဲ့ဝင်များကို ဖမ်းဆီးနေသည်မှာ လူမှုရေးလုပ်ငန်းများကို ဟန့်တားလိုသည့်အတွက်ဖြစ်သည်ဟု ကိုချစ်ထူးခိုင်က ဆက်ပြောသည်။

“ ကျနော်တို့က ဘယ်ဖက်ကနေလာလာ အကူအညီပေးပါတယ်။ကျန်းမာရေးကိစ္စ၊ နာရေး၊ သွေး၊ အရေးပေါ်ကူညီရေးတို့ကို ကူညီပေးနေတာပါ။ ကျနော်တို့ကို အကူအညီတောင်းလာသူမှန်သမျှ ကူညီပေးတာပါပဲ။သူတို့ဖက်က အကူအညီတောင်းလာရင်လည်း ကျနော်ဖက်က ပြည့်ပြည့်ဝဝ ကူညီပေးပါတယ်။ သူတို့ရဲ့ အဓိကရွယ်ရည်ချက်ကတော့ မောင်တောမြို့က လူတွေအကုန်လုံးကို သေအောင်သတ်နေတာနဲ့တူတယ်။ လူမှုရေးသမားတွေရှိရင် ပြည်သူတွေကထမင်းမငတ်ဘူး။ လူမှုရေးသမားတွေက ရှာဖွေ ပြီး ထမင်းကျွေးတယ်။ NGO တွေကိုလည်းပိတ်ထားတယ်။ အခု လူမှုရေးသမားတွေကို လိုက်ဖမ်းတယ်။ ရိက္ခာတွေကို လည်းဖြတ်ထားတယ်။လူမှုရေးကို မလုပ်စေချင်လို့ဘဲလို့ ကျနော်မြင်တယ်။” ဟု သူကပြောသည်။

လက်ရှိအချိန်တွင် ကရုဏာကွန်ရက်လူမူကူညီရေးအသင်းကို အသင်းသူ၊အသင်းသားများလုံခြုံမှု အားနည်းလာသည်ဟု ယူဆသည့်အတွက် အောက်တိုဘာလ ၁၅ရက်နေ့မှ စတင်ပြီး ယာယီပိတ်သိမ်းထားပါကြောင်းကြေညာထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly