ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှ ANP နှင့် AFP ပါတီ နှစ်ခုပူးပေါင်းမည်ဆိုသည်မှာ သတင်းအမှားသာဖြစ် 

ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှ ANP နှင့် AFP ပါတီ နှစ်ခုပူးပေါင်းမည်ဆိုသည်မှာ သတင်းအမှားသာဖြစ် 

October 15

မဇ္ဈိမ ။    ။  ရခိုင်ပြည်နယ်ရှိ ရခိုင်အမျိုးသားပါတီ (ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့ပူးပေါင်းကာ ၂၀၂၃ ရွေးကောက်ပွဲဝင်မည်ဟူသည့် အကြောင်းအရာတစ်ခု ဖေ့ဘုတ်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းအဆိုမှာ မှားယွင်းနေသည်။ 

"Aakan Anonymous Reporter Network" အမည်ရှိ ဖေ့ဘုတ်စာမျက်နှာမှ “၂၀၂၃ ရွေးကောက်ပွဲဝင်ရန် ANP နှင့် AFP ပါတီနှစ်ခု ပူးပေါင်းရန် ညှိနှိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။ အသစ်ဖွဲ့စည်းမည့် ပါတီတွင် ရက္ခိုင့်တပ်တော်(ULA/AA )မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သူ ဦးစံကျော်လှက ဥက္ကဋ္ဌ တာဝန်ယူမည်ဟု သတင်းရရှိသည်” ဟုရေးသားကာ အောက်တိုဘာ ၇ ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ ထိုပိုစ့်ကို ကြိုက်နှစ်သက်သူ( like)၁၀၀ နှင့် မျှဝေမှု (share) ၅၃ ခုထိ ရှိနေသည်။ 

မဇ္ဈိမ၏ အချက်အလက် စစ်ဆေးချက်များအရ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရခိုင်အခြေစိုက် သတင်းဌာနများအပြင် မည်သည့် ယုံကြည်ရသည့် သတင်းဌာနများတွင်မျှ ဖော်ပြထားခြင်းမရှိပေ။ 

ရခိုင်အမျိုးသားပါတီ၏ ဥက္ကဌ ဦးသာထွန်းလှ ကို မဇ္ဈိမ မှ ဆက်သွယ်မေးမြန်းရာတွင် “လောလောဆယ် တော့ ပါတီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့နဲ့ ဆွေးနွေးထားတာဘာမှ မရှိသေးဘူး။ အဲဒီသတင်းဟာ မဟုတ်မှန်ဘူး။ အမှားသာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ပါတီထဲမှာ တစ်ခြားပါတီတစ်ခု       နဲ့ပူးပေါင်းသွားမယ်ဆိုပြီးတော့ ဆွေးနွေးထားတာ ဘာတစ်ခုမှ မရှိသေးဘူး။ ပါတီမှာဆွေးနွေးထားတာလည်း မရှိသလို အစီအစဉ်လည်း မရှိသေးပါဘူး ” ဟုဆိုသည်။  

ထပ်မံ၍ လာမည့် ၂၀၂၃ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ ANP အနေဖြင့် ရွေးကောက်ပွဲဝင်ရန် တစ်စုံတစ်ရာ တိုင်ပင်ထားခြင်းမရှိသေးကြောင်း ၎င်းမှ ဆိုသည်။  

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တစ်ဖက်ပါတီဖြစ်သော ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဌ ဖြစ်သူ ဒေါက်တာအေးမောင်နှင့် ဒုတိယ ဥက္ကဌ ဦးကျော်ဇောဦး တို့ကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။ 

ထို့ကြောင့် ပါတီနှစ်ခုပူးပေါင်းမည့် သတင်းမှာ ရခိုင်ပြည်သူလူထုကြား ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံဖန်တီးထားသည့် သတင်းတုသာ ဖြစ်သည်။ 

မဇ္ဈိမ၏ သတင်းဖတ်ရှုသည့် ပရိသတ်များအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများကို သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#misinformation_buster
#fake_news
#ရခိုင်ပါတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly