မန္တလေးက စစ်တပ်ထောက်ခံသူတစ်စု၏ ဆန္ဒပြပွဲများတွင် မြို့ခံများ မပါသလောက်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများဆို

မန္တလေးက စစ်တပ်ထောက်ခံသူတစ်စု၏ ဆန္ဒပြပွဲများတွင် မြို့ခံများ မပါသလောက်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများဆို

October 15

မန္တလေး(မဇ္စျိမ)။ ။မန္တလေးမြို့တွင် ယမန်နေ့ကပြုလုပ်သည့်၊ ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်အနီး ပစ်ခတ်မှုဖြစ်စဉ်အပေါ်၊ စစ်တပ် ထောက်ခံံသူတစ်စု၏ ကန့်ကွက်ဆန္ဒပြပွဲများတွင် မြို့ခံအနည်းစုသာပါ၀င်ကြောင်း၊ စောင့်ကြည့်လေ့လာသူများက ဆိုသည်။

“ကျွန်တော်တို့မြို့မှာ ဒီပွဲတွေလုပ်တဲ့အခါတိုင်း မပြတ်စောင့်ကြည့်ခဲ့တယ်၊ ဒီတစ်ချီလည်း မြို့ခံတွေအများကြီးမပါဘူး၊ ဘုန်းကြီးတွေလောက်ပဲမြို့ခံတွေဖြစ်နေတာတွေ့ရတယ်” ဟု စစ်တပ်ထောက်ခံပွဲများ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ယမန်နေ့ အောက်တိုဘာ ၁၄ ရက်က ကျိုက်ထီးရိုးဘုရားတောင်တက်ကားဂိတ်အနီး ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍၊ KNU ၊ NUG နှင့် PDF ကိုကန့်ကွက်ကြောင်းဆိုပြီး၊ အထက်မြန်မာပြည် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)ဦးဆောင်သော စစ်တပ်ထောက်ခံသူတစ်စုက မြို့၏အထင်ကရဘုရားများတွင် ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်။

“ဘုရားရင်ပြင်တော်တွေပေါ်မှာ သာသနာ့အလံတွေ တရမ်းရမ်းနဲ့ ဆန္ဒတက်ပြတယ်ဗျာ၊ အဲဒီလိုလုပ်လို့ရလား မေးချင်တယ်၊ ရတယ်ဆိုရင် စိန်ခေါ်လိုက်၊ တကယ့်မန္တလေးသားအစစ်အမှန်တွေ စစ်တပ်ကိုထောက်ခံလားမထောက်ခံလားသိချင်ရင် ဆန္ဒပြပွဲတွေ လွတ်လွတ်လပ်လပ်ပေးလုပ်လိုက်၊ အခုက ဘယ်ကမှန်းမသိတဲ့လူတွေကြောင့် မြို့နာတယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။

အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက၊ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီးရိုးဘုရားတောင်ခြေ ကင်မွန်းစခန်း တောင်တက်ကားဂိတ်အနီး ဂိတ်ဖွင့်ထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် စစ်သားများက ပြန်လည်ပစ်ခတ်မှုကြောင့် ဘုရားဖူးခရီးသည် သုံးဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရကြောင်း လွတ်လပ်သည့် သတင်းမီဒီယာများက ဖော်ပြကြသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍၊ KNU နှင့် PDF ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်ကစွပ်စွဲထားပြီး၊ KNU ဘက်ကလည်း စစ်ကောင်စီ၏ စစ်သားများလက်ချက်ကြောင့် ဘုရားဖူးပြည်သူများ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မန္တလေးမြို့

#စစ်တပ်ထောက်ခံသူ

#တောင်တက်ကားဂိတ်

#ကျိုက်ထီးရိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly