ဟင်္သာတမြို့ ဖောက်ခွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဥ်ထိန်းရဲများထဲမှ ၁ ဦး ရန်ကုန်ဆေးရုံသို့ ပို့ဆောင်လိုက်ရဟုဆို

ဟင်္သာတမြို့ ဖောက်ခွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဥ်ထိန်းရဲများထဲမှ ၁ ဦး ရန်ကုန်ဆေးရုံသို့ ပို့ဆောင်လိုက်ရဟုဆို

October 15

မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ဟင်္သာတမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဥ်ထိန်းရဲများ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ဟင်္သာတဒေသခံပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (HLPDF)ထံက သိရသည်။

ဟင်္သာတမြို့၊ ဗိုလ်ချုပ်ကြေးရုပ် ဟင်္သာတအဝိုင်းပတ်အနီးတွင် ကား၊ဆိုင်ကယ်နှင့် စက်ဘီးများကို ယာဥ်ထိန်းရဲများက မတရားငွေကြေးတောင်းယူနေသည့်နေရာနှင့် အ မှတ်(၂)ရဲစခန်းအနီးနေရာများ၌ ဖောက်ခွဲခဲ့ခြင်းဖြစ် သည်ဟု ဟင်္သာတဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (HLPDF)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

"အဝိုင်းပတ်မှာ စက်ဘီး၊ ဆိုင်ကယ်နဲ့ ကားတွေကို စစ်နေတဲ့ယာဥ်ထိန်းရဲတွေက ဆိုင်ကယ်ဆိုရင် သိန်းဂဏန်းအထိတောင်းတယ်။ စက်ဘီးတွေကိုလဲ ဘဲလ်(ခေါင်းလောင်း)မပါလို့၊ ချိန်းဖုံးမပါလို့ဆိုပြီး ပြည်သူတွေဆီက နည်းမျိုးစုံနဲ့ ပိုက်ဆံတောင်းနေတယ်လို့ ပြည်သူတွေ တိုင်တန်းလာတာကို စိစစ်ပြီး ဟင်္သာတမြို့နယ် ပကဖ နဲ့ပူးပေါင်းဖောက် ခွဲခဲ့တာပါ။ ရဲစခန်းနားမှာပေါက်တာကတော့ အထိအခိုက် မရှိပါဘူး"ဟု HLPDF တာဝန်ရှိသူကဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲများသည် အဆိုပါ

အဝိုင်းပတ်တွင် ဘဲလ်(ခေါင်းလောင်း)နှင့် ချိန်းဖုံးမပါသည့် စက်ဘီးများကို ဒဏ်ငွေ ကျပ်နှစ်ထောင်မှစ၍ တောင်းယူနေပြီး ဆိုင်ကယ်နှင့် ကားများကိုမူ ငွေကျပ်သုံးသောင်းမှ တစ်သိန်းကျပ်အထိတောင်းယူနေကြသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“တောင်းနေတာ တစ်လဝန်းကျင်ရှိပြီ၊ စတောင်းတဲ့ နေ့ကဆို တစ်ရက်တည်း သိန်း ၆၀ ရတယ်လို့ ပြောကြတယ်။ ရွာတွေကနေ ဆိုင်ကယ် ကယ်ရီငှားပြီး ဆေးခန်းလာပြတဲ့သူတွေဆို ဆိုင်ကယ်အဖမ်းခံရတာ ငါးသောင်း ပေးလိုက်ရလို့ ဆေးခန်းပြစရာ ပိုက်ဆံမကျန်တော့လို့ ပြန်သွားရတာတွေလည်း ရှိတယ်။ ဖောက်ခွဲမှု မဖြစ်ခင် အရှေ့တစ်ရက် ကဆို အဲ့ဒီနေရာမှာ ဒေသခံတစ်ဦးမောင်းလာတဲ့ ဆိုင်ကယ်ကို ဖမ်းတာရပ်မပေးလို့ဆိုပြီး ခြေထောက်နဲ့ကန်လိုက်တာ ဆိုင်ကယ်မောင်းလာတဲ့သူ လမ်းလယ်က တုံးနဲ့ဆောင့်မိပြီး သတိမေ့သွားတယ်။ဆေးရုံရောက်တော့ ခြောက်ချက်ချုပ်လိုက်ရတယ်။ ဒီကောင်တွေ အရမ်းဆိုးနေတာ အခုလိုလုပ်ပေး လိုက်တာ ကျနော်တို့က ကျေးဇူးတင်တယ်” ဟု ၎င်းက ဆို သည်။

ထိုသို့ အပြစ်မဲ့ပြည်သူများထံမှ မတရားငွေကြေးတောင်း

ယူခြင်းများနှင့် အကြောင်းမဲ့ ကိုယ်ထိလက်ရောက်စော်ကားမှုများဆက်လက်ပြုလုပ်နေမည်ဆိုပါက HLPDF အနေဖြင့် ပြင်းပြင်းထန်ထန် ထပ်မံတိုက်ခိုက်သွားမည်ဟု ဆိုသည်။

ဟင်္သာတ အဝိုင်းပတ်အနီးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဥ်ထိန်းရဲများမှာ ယာဉ်ထိန်း ရဲတပ်ကြပ်တင်လင်းထိုက်၊ တပ်ကြပ်စိုးမင်းသန်း၊ တပ်ကြပ်စည်သူလွင်နှင့် ဒုတပ်ကြပ်ပိုင်သက်ဟန်တို့ဖြစ် သည်ဟု ရဲတပ်ဖွဲ့နှင့် နီး စပ်သူတစ်ဦးကပြောသည်။

"တပ်ကြပ်တင်လင်းထိုက်နဲ့ တပ်ကြပ်စိုးမင်းသန်းတို့က တော့ ဒဏ်ရာရပြီး မနေ့က ဟင်္သာတ ဆေးရုံကိုပို့လိုက်ကြတယ်။ အဲ့ဒီနှစ်ယောက်ထဲက တပ်ကြပ်စိုးမင်းသန်းကတော့ဒဏ်ရာပြင်းလို့ ဒီနေ့ရန်ကုန်ကို ပို့လိုက်ရတယ်လို့သိရတယ် ။ တပ်ကြပ်စည်သူလွင်နဲ့ ဒုတပ်ကြပ်ပိုင်သက်ဟန်တို့နှစ်ယောက်ကတော့ ဘာမှသိပ်မဖြစ်ဘူး ပွန်းပဲ့တာလောက်ပဲရှိတယ်”"ဟု ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့်ပတ်သက်၍ ဟင်္သာတမြို့နယ် စစ်ကောင်စီအဖွဲ့ဝင်များက သတင်းဖုံးထားကြသည်ဟု ဆက်လက်ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ရဲများကဟင်္သာတမြို့ တာကလေး၊ ပန်းပဲတန်း၊ ကနောင်စု ရပ်ကွက်နှင့် မြို့ပေါ်နေရာအနှံ့အပြား၌ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကနောင်စုရပ်ကွက်နေ NLD ပါတီဝင် ဦးစိုးမြင့်သိန်းအား ဖမ်းဆီးသွားသည်ဟုသိရသည်။

“ကိုစိုးမြင့်သိန်းက မနှစ်က ဧပြီလလောက်က တစ်ခါအဖမ်းခံရပြီး ပြန်လွတ်လာတာ သိပ်မကြာသေးဘူး။ အခုတစ်ခါ မတရားထပ်အဖမ်းခံရတာပါ” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဟင်္သာတမြို့အဝင်အထွက် ဂိတ်များ၌ လုံခြုံရေးများတိုးမြှင့်ထားသည်ဟု သိရပြီး၊ဒေသခံပြည်သူများ သတိထားနေထိုင်သင့်ကြောင်း ဟင်္သာတ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဗုံးပေါက်ကွဲမှု

#ဟင်္သာတမြို့

#စစ်ကောင်စီတပ်

#HLPDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly