အောက်တိုဘာလ ၁၄ ရက်
အီရန်နိုင်ငံတွင် မာရှာ အမီနီဆိုသည့် အမျိုးသမီးတစ်ဦး ရဲချုပ်နှောင်မှုအတွင်း သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ဖြစ်ပွားပေါ်ပေါက်သော ဆန္ဒပြမှုများတွင် ကလေးသူငယ် ဒါဇင်များစွာ သေဆုံးပြီး ရာနှင့်ချီကာ ဖမ်းဆီးခံထားရပြီး အချို့သည် မူးယစ်ဆေးသမားများ ထိန်းသိမ်းထားရှိရာ စင်တာများသို့ ပို့ဆောင်ခြင်း ခံရကြောင်း သတင်းများ ထွက်ပေါ်လာသည်။
အစ္စလာမ္မစ် အီရန်၏ တင်းကျပ်သော အမျိုးသမီးများ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်သည့် ကျင့်ဝတ်များကို ချိုးဖောက်သည်ဟုဆိုကာ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော အမီနီ သေဆုံးခဲ့ရမှုအတွက် အများပြည်သူများ စိတ်ဆိုးဒေါသထွက်ကြကာ တစ်လနီးပါးကြာ ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိသည်။
နိုင်ငံ၏ Gen-Z ဆယ်ကျော်သက်ျားသည် လုံခြုံရေးတပ်များကို ရင်ဆိုင်ရာ၌ ရဲဝံ့သတ္တိပြောင်မြောက်ခြင်းအတွက် ချီးကျူးခံရသည်။
“အီရန်နိုင်ငံက Gen-Z တွော လက်ရှိ အခြေအနေကို စိတ်ဆိုးဒေါသထွက်ကြတယ်၊ အွန်လိုင်းမှာလည်း မကြောက်မရွံ့ ပြောဆိုကြတယ်၊ တားမြစ်စည်းမျဉ်းတွေကို ဖယ်ရှားချင်ကြတယ်”ဟု Atlantic Council ပညာရှင်အဖွဲ့မှ အီရန်အထူးပြုပညာရှင် ဟိုလီ ဒါဂရစ်က တွစ်တာတွင် ရေးသားသည်။
ညစဉ် ညတိုင်းလိုပင် အမျိုးသမီးငယ်များနှင့် ကျောင်းသူများသည် လမ်းများပေါ်သို့ ထွက်လာကြပြီး “မိန်းမသား၊ ဘဝ၊ လွတ်လပ်ခွင့်” နှင့် “အာဏာရှင် ကျဆုံးပါစေ” ဆိုသော ကြွေးကြော်သံများကို ဟစ်ကြွေးဆန္ဒပြကြသည်။
ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်သော လူငယ်လူရွယ်များက အသက်ကိုပင် ပေးထားကြကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ HRANA က ပြောပြီး အရွယ်မရောက်သေးသူ ၁၈ ဦး သေဆုံးရာ၌ ၁၂နှစ် အရွယ်ပင် ပါကြောင်း ပြောဆိုသည်။
သို့ရာတွင် ကလေးများ သေဆုံးမှုသည် ထိုထက်မက များနိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြသည်။
ကလေးငယ် အနည်းဆုံး ၂၈ ဦး သေဆုံးသည်ဟု အီရန်နိုင်ငံက ကလေးငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအသင်းက ပြောသည်။
ဖမ်းဆီးမိသည့် ကလေးငယ်အချို့ကို အရွယ်ရောက် မူးယစ်ဆေးဝါး တရားခံများကို ထိန်းသိမ်းထားရာ စင်တာများ၌ ထိန်းသိမ်းထားရှိနေသည်ဟု လူ့အခွင့်အရေး ရှေ့နေ ဟတ်ဆန် ရာအိစီက ပြောသည်။
“ဒါဟာ အလွန် စိုးရိမ်စရာ ကောင်းပါတယ်”ဟု ၎င်းက ပြောကြောင်း လန်ဒန်အခြေစိုက် Iran Wire သတင်းဝက်ဘ်ဆိုက်က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။
“အသက် ၁၈ အောက် ငယ်ရွယ်သူတွေကို အသက် ၁၈ ကျော် ဘယ်လို ရာဇဝတ်သားတွေနဲ့မှ အတူ မထားသင့်ဘူး”ဟု ၎င်းက ပြောသည်။
“အသက် ၁၂၊ ၁၃ ကနေ ၁၈၊ ၁၉ ကြား လူငယ်လူရွယ် ၃၀၀ လောက် ရဲက ဖမ်းဆီးထားတယ်”ဟု ၎င်းက အသေးစိတ် မဆိုဘဲ ပြောခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)