မန္တလေးတိုင်းဝန်ကြီးချုပ်အပေါ် ပြစ်ဒဏ်ချမှတ်ပြီးသားအမှုတွင် သက်သေခံအထောက်အထား မတင်ပြနိုင်သဖြင့် စစ်ဆေးမှုများ ပြန်လည်ပြုလုပ်

မန္တလေးတိုင်းဝန်ကြီးချုပ်အပေါ် ပြစ်ဒဏ်ချမှတ်ပြီးသားအမှုတွင် သက်သေခံအထောက်အထား မတင်ပြနိုင်သဖြင့် စစ်ဆေးမှုများ ပြန်လည်ပြုလုပ်

အောက်တိုဘာ ၁၄

မဇ္ဈိမ။ ။မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပေါ် ပြစ်ဒဏ်ချမှတ်ထားသည့် အဂတိ အမှုတစ်ခုတွင် သက်သေခံအထောက်အထား မတင်ပြနိုင်သဖြင့် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြန်လည်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အိုးဘိုထောင်အတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ အမှုသည် ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံတွင် ဆေးဝါးကုသရန်အတွက် ဖွံ့ဖြိုးသစ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ဆိုသူက ၎င်း၏တပည့်ဖြစ်သူ ကိုအောင်ဇော်ကို မှတစ်ဆင့် ထိုင်းဘတ်ငွေ ၃၀၀,၀၀၀ ကို နှစ်ကြိမ်ခွဲ၍ လှူဒါန်းပေးအပ်ခဲ့သည်ဆိုသော အမှုဖြစ်ပြီး သက်သေခံအထောက်အထား မတင်ပြနိုင်သဖြင့် ပြန်လည် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုအမှုအား ရာကြီးမှုအမှတ်(၈)အဖြစ် သတ်မှတ်စစ်ဆေး၍ ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ် ငါးနှစ်ချ မှတ်ပြီးဖြစ်သော်လည်း အမှုတွင် သက်သေ အထောက်အထားအဖြစ် သိမ်းဆည်းရမည့် ထိုင်းဘတ်ငွေ ၃၀၀,၀၀၀ ကို သက်သေခံပစ္စည်းအဖြစ် မတင်ပြနိုင်သေးဟုဆိုကာ စစ်ကောင်စီဘက်မှ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် ပြန်လည်စစ်ဆေးရန် ပြုလုပ်နေခြင်း ဖြစ်သည်။

“အမှန်က ပြစ်ဒဏ်ချလိုက်ရင် အမှုမှာပါတဲ့ သက်သေခံပစ္စည်းဖြစ်တဲ့ ထိုင်းဘတ် ငွေသုံးသိန်းကို သက်သေခံတင်ပြပြီး တရားရုံးအမိန့်အတိုင်း ဆုံးဖြတ်သိမ်းဆည်းရမှာ။ အခု အဲ့ဒါကို မတင်ပြနိုင်လို့ ဆိုပြီး ပြန်စစ်ဆေးရတယ်လို့ပြောတယ်။ ဘယ်သူက ပြန်စစ်ဆေးဖို့ ညွှန်ကြားလည်းဆိုတာတော့ မသိဘူး။ လောလောဆယ် သိရသလောက်ကတော့ ဒီလောက်ပါပဲ။ ရုံးချိန်းကိုတော့ လာမယ့် ၂၇ ရက်နေ့ကို ချိန်းထားတယ်လို့ သိရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် အသက် ၇၀ ကျော်အရွယ် ဒေါက်တာဇော်မြင့်မောင်အား စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်နှင့် ပတ်သက်၍ စွပ်စွဲထားသော အဂတိအမှုမှ ရာကြီးမှု အမှတ်(၆)နှင့် (၇)အတွက် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ထားပြီး ဖွံ့ဖြိုးသစ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်နှင့် ပတ်သက်၍ စွပ်စွဲထားသော အဂတိအမှုမှ ရာကြီးမှုအမှတ်(၈) (ယခုပြန်လည်စစ်ဆေးမည်ဆိုသောအမှု)အတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ထားပြီးဖြစ်သည်။

ထို့ပြင် ဒေါက်တာဇော်မြင့်မောင်ကို ပြင်ဦးလွင်နှင့် မြင်းခြံတို့တွင် NLD ပါတီ ရုံးဆောက်လုပ်ရန် မြေနေရာချထားပေးရာ၌ အဂတိလိုက်စားသည်ဟုဆိုကာ စွပ်စွဲထားသော ရာကြီးမှုအမှတ်(၉)နှင့် (၁၀)အတွက်လည်း ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ထားသည်။

ထို့ကြောင့် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် လက်ရှိတွင် သဘာဝဘေးပုဒ်မဖြင့် ထောင်ဒဏ် နှစ်နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ်၊ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၇၁(စ)အတွက် ထောင်ဒဏ် တစ်နှစ်၊ အဂတိအမှု ငါးမှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊ စုစုပေါင်း ထောင်ဒဏ် ၂၆နှစ် ချမှတ်ခံထားရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်းဝန်ကြီးချုပ်

#ဒေါက်တာဇော်မြင့်မောင်

#ပြစ်ဒဏ်ချမှတ်ပြီးအမှု

#ပြန်လည်စစ်ဆေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required