နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ်အဂတိအမှု ၅မှု ကြားဖြတ် ​လျှောက်လဲချက် ကြားနာမည်

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ်အဂတိအမှု ၅မှု ကြားဖြတ် ​လျှောက်လဲချက် ကြားနာမည်

October 12

မဇ္စျိမ။ ။နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စွပ်စွဲထားသည့် ရဟတ်ယာဥ်အဂတိအမှု ငါးမှုကို လာမည့် ​အောက်တိုဘာလ ၁၇ ရက်​နေ့ ရုံးချိန်းတွင် ကြားဖြတ်​စွဲချက်​ လျှောက်လဲချက် ကြားနာမည်ဖြစ်​ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

"သက်​သေ​တွေကျန်​သေးတယ် အမှု​တွေမှာ သက်​သေ​တွေ ​လေး၊ ငါး၊ ​ခြောက်​ယောက်​လောက် ကျန်​သေးတယ်။ ကျန်​တော့ တရားရုံးကဘာ​ပြောလဲဆို​တော့ အဲ့ဒီသက်​သေ​တွေကို ဥပ​ဒေအရာရှိဘက်က ပယ်မယ်လို့လည်း မ​ပြော​သေးဘူး။ တရားရုံးကလည်း မ​ပြော​သေးဘူး။ ဒါ​ပေမဲ့ လာမယ့် ၁၇ရက်​နေ့ တနင်္လာ​နေ့ကို​တော့ ဒီငါးမှုစလုံးကို စွဲချက်တင်သင့်၊ မသင့် ​လျှောက်လဲချက် ကြားဖြတ်​ဆောင်ရွက်မယ်"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ​ပြောသည်။

ထို့​ကြောင့် ​အောက်တိုဘာ ၁၇ရက်​နေ့ ရုံးချိန်းတွင် အမှုများကို စွဲချက်တင်သင့်၊ မသင့်အ​ပေါ် နှစ်ဖက်​ရှေ့​နေများက ကြားဖြတ်​လျှောက်လဲချက်​ ပေးကြမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ အမှုများမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ရဟတ်ယာဉ်ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခြင်းတို့နှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ​ဒေါက်တာဝင်းမြတ်​အေးတို့ကို အဂတိအမှုငါးမှုဖြင့် စွပ်စွဲတရားစွဲဆိုထားခြင်း ဖြစ်သည်။

တရားလိုမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွှန်မှူး ဦးအောင်ခန့်ဖြစ်ပြီး အမှုငါးမှုတွင် သုံးမှုမှာ ရဟတ်ယာဉ်ငှားရမ်းမှုနှင့် ပတ်သက်ပြီး နှစ်မှုမှာ ရဟတ်ယာဉ်တစ်စီးဝယ်ယူမှုနှင့် ပတ်သက်၍ စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ယ​မန်နေ့ ​အောက်တိုဘာလ ၁၁ ရက်​နေ့ ရုံးချိန်းတွင်ရဟတ်ယာဥ် အဂတိအမှု ငါးမှုအတွက် ပြည်​ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြား​ရေးမှူး ​ဒေါ်သန္တာဖြူ​အေးကို စာရင်းစစ်အစီရင်ခံစာနှင့် ပတ်သက်ပြီး စစ်​ဆေးခဲ့​ကြောင်းလည်း သိရသည်။

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် လက်ရှိတွင် အမှု​ပေါင်း ၁၂ မှုအတွက် ​ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရကာ ဦး​မောင်ဝိတ်ထံမှ လာဘ်ယူသည်ဟု စွပ်စွဲခံထားရသည့်အမှုနှစ်မှုကိုလည်း ယနေ့အောက်တိုဘာ ၁၂ရက်​နေ့ ရုံးချိန်းတွင် အမိန့်ချမှတ်မည်ဟု သိရသည်။

သမ္မတ ဦးဝင်းမြင့်အ​နေဖြင့်လည်း အမှုသုံးမှုအတွက် ​ထောင်ဒဏ်ငါးနှစ် သတ်မှတ် ချမှတ်ခံထားရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

#ထောင်ဒဏ်

#ကြားဖြတ်လျှောက်လဲချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required