တရုတ်နိုင်ငံသားဟုယူဆရသူတစ်ဦးအပါ တိုက်ခိုက်သူ ၃၀ဦး ဘိန်းခင်းဖျက်အဖွဲ့ဖမ်းမိထား

တရုတ်နိုင်ငံသားဟုယူဆရသူတစ်ဦးအပါ တိုက်ခိုက်သူ ၃၀ဦး ဘိန်းခင်းဖျက်အဖွဲ့ဖမ်းမိထား
ဘိန်းခင်းဖျက်ဆီးသူများကို တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒပြရန်ကြိုးပမ်းနေသည့် ကချင်ဒေသခံများ(ဓာတ်ပုံ-ဖန်နိဒါ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ။           ။ တရုတ်နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူတစ်ဦးနှင့် တိုက်ခိုက်သူ ၃၀ဦးတို့ကို ဖေဖော်ဝါရီ ၂၆ရက်အထိ လူထုအခြေပြုဘိန်းခင်းဖျက်ဆီးသည့် အဖွဲ့မှတွေ့ရှိထိန်းသိမ်းခဲ့ကြောင်း ယင်းအဖွဲ့၏ကျန်းမာရေးမှူး ဦးဂမ်အောင် က ဖေဖော်ဝါရီ ၂၆ရက်တွင် မဇ္ဈိမကိုပြောသည်။

"ဖမ်းမိတဲ့သူတွေထဲမှာ တရုတ်နိုင်ငံကူးလက်မှတ်၊ တရုတ်နိုင်ငံသားလက်မှတ်ကိုင်တဲ့တစ်ယောက်ပါအပါအဝင် အားလုံး ၃၀အထိဒီနေ့ထိန်းသိမ်းခဲ့ရတယ်။ သူတို့ကိုအခုတော့ရဲလက်ထဲကိုအပ်လိုက်ပြီ၊ ဗုံးကဘိန်းခင်းပိုင်ရှင် တွေသူတို့ကို သင်ပေးထားတယ်။ ပေးထားတယ်လို့အားလုံးကပြောတယ်။ သူတို့ကိုရဲလက်ထဲမရောက်ခင် ကျွန်တေ်ာတို့အဖွဲ့တွေက စစ်မေးလို့သိရတာ။" ဟု ၎င်းကဆိုသည်။

တိုက်ခိုက်သူတွင် ကချင်မျိုးနွယ်စုအနည်းငယ်နှင့် တရုတ်ပြည်ဖက်တွင်နေထိုင်သူ တရုတ်နိုင်ငံသားများအများစု ပါဝင်သည်ဟု ဦးဂမ်အောင်ကပြောသည်။

ရဲတပ်ဖွဲ့လက်သို့အပ်နံှခဲ့သည်ဆိုသူများအရေး ကချင်ပြည်နယ်နှင့် ဆဒုံးရဲတပ်ဖွဲ့သို့ မဇ္ဈိမကဆက်သွယ် သော်လည်း ဆက်သွယ်နိုင်ခြင်းမရှိခဲ့ပေ။

ဆဒုံး၊ ကန်ပိုက်တီးလမ်းဆုံတွင် ပိတ်ဆို့တားမြစ်ထားရာမှ ဘိန်းခင်းများဖျက်ဆီးရန်သွားရောက်ခွင့် ရခဲ့သည့် အင်အား ၁၂၀၀ကျော် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ကို ဖေဖော်ဝါရီ ၂၅ရက်နံနက်ပိုင်းတွင် ဒေသခံများက ဘိန်းခင်းများရှိသည့် မဂရွာအနီး လက်လုပ်ဗုံး၊ တူမီးသေနတ်၊ လံှစွပ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် ဘိန်းခင်းဖျက်ဆီးသည့် အဖွဲ့ဝင် ၃၂ ဦးဒဏ်ရာရရှိခဲ့သည်။ ဘိန်းခင်း ဖျက်ဆီး သူများကိုတိုက်ခိုက်ခံရမှုနှင့် ပက်သက်ပြီးလည်းအစိုးရအဖွဲ့ရုံးအရှေ့၌ ဖေဖော်ဝါရီ ၂၆ရက် ယနေ့တွင် ကချင် ပြည်သူများက ဆန္ဒဖော်ထုတ်ခဲ့သည်။

ဘိန်းခင်းဖျက်ရန်သွားရောက်သည့်အဖွဲ့ မဂရွာအနီးသို့ရောက်ရှိချိန်တွင် တိုက်ခိုက်ခြင်းခံခဲ့ရသဖြင့် လက်ရှိတွင် ဆဒုံး-ကန်ပိုက်တီးလမ်းဆုံနှင့် မိုင် ၂၀အကွာရှိ ဘွမ်တောင်အနီးတွင် စခန်းချကာ နေထိုင်နေသည်ဟု ဘိန်းခင်း ဖျက်သည့်အဖွဲ့မှ သိရသည်။

အစိုးရကလုံခြုံရေးပေးရန် နယ်/လုံ့နှင့် ဘိန်းခင်းဖျက်အဖွဲ့ မြစ်ကြီးနားတွင်ဆွေးနွေး

တိုက်ခိုက်ခံခဲ့ရသည့် ဘိန်းခင်းဖျက်သည့်အဖွဲ့များအတွက် ပြည်နယ်အစိုးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့က လုံ့ခြုံရေးပေးအပ်ရန်နှင့် ဘိန်းခင်းများဆက်လက်ဖျက်ဆီးနိုင်ရေးအတွက် ပြည်နယ် နယ်/လုံဝန်ကြီးဗိုလ်မှူးကြီး သူရမျိုးတင်နှင့် ကချင်ပြည်နယ်မြစ်ကြီးနား အစိုးရ အဖွဲ့ရုံး၌ယနေ့ ဆွေးနွေးမည်ဟု ဦးတူးရော်က မဇ္ဈိမကိုပြောသည်။

ဦးတူရောင်သည် ကချင်ပြည်နယ်ဂိုဏ်းပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ Pat Jasan တွင် ဦးဆောင်ပါဝင်သူ တစ်ဦးလည်းဖြစ်သည်။

"အခုပဲ အစိုးရကလုံခြုံရေးပေးဖို့ရယ်၊ ဘိန်းခင်းတွေဖျက်နိုင်ရေးအတွက်မြစ်ကြီးနားမှာဆွေးနွေးမလို့ပါ။ အခုပဲတွေ့ပြီးပြောတော့မှာပါ။  နယ်/လုံ့ပါမယ်လို့တော့သိတယ်။ တစ်ခြားဘယ်သူတွေပါမယ်ဆိုတာတော့ မသိဘူး။ မနေ့ကလိုကိစ္စတွေမဖြစ်ထပ်မဖြစ်အောင်လို့။" ဟု မဇ္ဈိမကို ဖေဖော်ဝါရီ ၂၆ရက် ၃နာရီ ၄၀ခန့်တွင် တယ်လီဖုန်းမှတစ်ဆင့်ဖြေကြားသည်။

အသင်းတော်အထောက်အပံ့ဖြင့် လူတိုင်းပါဝင် ဘိန်းခင်းဖြတ်ပြီး KIA နှင့်မသက်ဆိုင်

ဘိန်းခင်ဖျက်ဆီးနိုင်ရေးအတွက် ဂိုဏ်းပေါင်းစုံမှ အသင်းတော်များ၏အထောက်အပံ့ဖြင့် ဘိန်းခင်းများကို လူမှုအခြေပြုအဖွဲ့များဖြင့် လိုက်လံဖျက်ဆီးခြင်းသာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် သက်ဆိုင်မှုမရှိကြောင်း Pat Jasan က ငြင်းဆိုလိုက်သည်။

"အသင်းတော်တွေက ဘိန်းခင်းဖျက်မယ့်လူတစ်ဦးကို ဆန် ၆ပြည်၊ ဆပ်ပြာ၊ သွားတိုက်ဆေးအဲဒီလိုတွေ ထောက်ပံ့ပြီး ဘိန်းဒဏ်ကိုကချင်တွေခံနေရတာကနေလွတ်မြောက်ချင်လို့အားလုံးက ကိုယ်အသိစိတ်နဲ့ ကိုယ် လိုက်ပြီးဖျက်နေတာပါ။ သူများတွေစွပ်စွဲနေတဲ့ KIA ကထောက်ပံ့တာဘာမှမရှိပါဘူး။" ဟု Pat Jasan အဖွဲ့ ကျန်းမာရေးမှူး ဦးဂမ်ဆောင်က ပြောသည်။

Pat Jasan အဖွဲ့က KIA အဖွဲ့၏ထောက်ပံ့မှုဖြင့် အခြားလက်နက်ကိုင်အဖွဲ့များနယ်မြေအတွင်းရှိ ဘိန်းခင်းများကို လိုက်လံဖျက်ဆီးနေခြင်းဖြစ်သည်ဟု လူမှုကွန်ယက်အပါအဝင် အခြားအဖွဲ့အစည်းအချို့က ဝေဖန်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly