ဒုံးကျည်ပစ်လွှတ်မှုများက အမေရိကန်ကို တရားဝင် ခုခံကာကွယ်ခြင်းဟု မြောက်ကိုရီးယား ပြော 

ဒုံးကျည်ပစ်လွှတ်မှုများက အမေရိကန်ကို တရားဝင် ခုခံကာကွယ်ခြင်းဟု မြောက်ကိုရီးယား ပြော 
Photo - EPA

October 8

မကြာသေးခင်က ဒုံးကျည်စမ်းသပ်မှုများသည် အမေရိကန် စစ်ရေးခြိမ်းခြောက်မှုကို တရားဝင် တန်ပြန်ခြင်းပဲ ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက စနေနေ့တွင် ခုခံကာကွယ်ပြောသည်။ 

အထီးကျန် ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ပြီး သီတင်းပတ်နှစ်ပတ်အတွင်း ဒုံးကျည်ပစ်လွှတ်မှု ခြောက်ကြိမ်ကို လုပ်ဆောင်ခဲ့ကာ ကြာသပတေးနေ့ကလည်း ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့သည်။  

ထိုပြင် အင်္ဂါနေ့ကလည်း ဂျပန်ကိုဖြတ်ပြီး တာလတ်ပဲ့ထိန်းဒုံးကျည် တစ်စင်းကို ပစ်လွှတ်ခဲ့ခြင်းကြောင့် ဂျပန်တွင် ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ပြည်သူများကို သတိပေးတပ်လှန့်ခြင်းများ လုပ်ဆောင်ခဲ့ရသည်။ 

“မြောက်ကိုရီးယာရဲ့ ဒုံးကျည်စမ်းသပ်မှုတွေဟာ ရာစုဝက်ချီ ကြာမြင့်နေပြီဖြစ်တဲ့ အမေရိကန်ရဲ့ တိုက်ရိုက်စစ်ရေးခြိမ်းခြောက်မှုတွေကနေ နိုင်ငံတော် လုံခြုံရေးနဲ့ ဒေသတွင် ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ ပုံမှန် ကိုယ့်ကိုကို ကာကွယ်ခြင်း ခြေလှမ်းပဲ ဖြစ်တယ်”ဟု ပစ်လွှတ်မှု အသေးစိတ်ကို မဆိုဘဲ မြောက်ကိုရီးယား အရပ်ဘက် လေကြောင်းဌာနက ပြောကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ 

နိုင်ငံတကာ အရပ်ဘက် လေကြောင်းအဖွဲ့အစည်း ICAO က မွန်ထရီယယ်တွင် နှစ်ပတ်လည် စုံညီအစည်းအဝေး ကျင်းပပြီး မြောက်ကိုရီးယား၏ မကြာသေးသော လများအတွင်း ဒုံးကျည်စမ်းသပ်မှုများကို ရှုတ်ချကာ အရပ်ဘက် လေကြောင်းဆိုင်ရာအတွက် အန္တရာယ်ဖြစ်ကြောင်း ပြောဆိုပြီးနောက်တွင် မြောက်ကိုရီးယားဘက်က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းပဲ ဖြစ်သည်။ 

“ICAO ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ ရန်စမှုပဲ ဖြစ်နိုင်တယ်၊ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအပေါ် ကျူးလွန်စော်ကားဖို့ ရည်ရွယ်တဲ့ အမေရိကန် လက်အောက်ငယ်သား အဖွဲ့ရဲ့ ပြောဆိုချက်ပဲ”ဟု မြောက်ကိုရီးယား အရပ်ဘက်လေကြောင်းဌာနက ပြောသည်။ 

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် မကြာသေးသော သီတင်းပတ်များအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ပြီး ကြာသပတေးနေ့က စစ်ရေးလေ့ကျင့်မှု အများစုတွင် USS Ronald Reagan လေယာဉ်တင်သင်္ဘော၏ တိုက်ခိုက်ရေးအုပ်စုမှ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစ်စင်းပါ ပါဝင်စစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ 

နျူကလီးယား အင်အားနှင့်ပတ်သက်ပြီး “မပြောင်းမလဲ ရှိတယ်”ဟု ခေါင်းဆောင် ကင်ဂျုံးအွန်က ကြေညာထားသော အထီးကျန် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်စမ်းသပ်မှု စံချိန်တင်နှစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည့် ယခု ပစ်လွှတ်မှုများကြောင့် နျူကလီးယား ကင်းစင်ရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးက ပျက်ပြားသလောက် ဖြစ်ခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly