ဗန်းမောက်နှင့်အင်းတော်နယ်စပ် ၄ ရက်ကြာတိုက်ပွဲဖြစ်ပွား​နေပြီး စစ်ကောင်စီက အနီးနားကျေးရွာများကို မီးရှို့ဖျက်ဆီး

ဗန်းမောက်နှင့်အင်းတော်နယ်စပ် ၄ ရက်ကြာတိုက်ပွဲဖြစ်ပွား​နေပြီး စစ်ကောင်စီက အနီးနားကျေးရွာများကို မီးရှို့ဖျက်ဆီး

October 7

မဇ္ဈိမ။ ။ ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်များနှင့် KIA၊ PDFပူးပေါင်းတပ်ဖွဲ့များ လေးရက်ကြာတိုက်ပွဲဖြစ်ပွား​နေပြီး စစ်ကောင်စီက အနီးနားကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၆ရက်နေ့က ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ် နယ်နိမိတ်အစပ်တွင်ရှိသော ကျေးရွာများကို စစ်ကောင်စီက ရဟတ်ယာဥ်သုံးစီးဖြင့် လာရောက်ဗုံးကြဲခဲ့ကြောင်းသိရသည်။

" ၄ ရက်နေ့ကနေစပြီးတိုက်ပွဲဖြစ်တယ် ၊ သူတို့လူတွေပိတ်မိနေလို့ ရဟတ်ယာဥ်နဲ့ဗုံးကြဲတယ်လို့ကြားတာပဲ၊ ဒေသခံတွေအထိခိုက်တော့မရှိဘူး၊ဒေသခံတွေက လာကတည်းကပြေးနေကြပြီ၊ အိမ်တချို့ကတော့ မီးလောင်ပျက်စီးသွားတယ် "ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။

ထို့နောက် ယမန်နေ့ ည ၇နာရီခန့်က စစ်ကောင်စီတပ်က ဗန်းမောက်မြို့နယ် စီးမော်ရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ယနေ့ နံနက်ပိုင်းမှာလည်း ထပ်မံမီးရှို့နေသည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဟာလည်း အဆိုပါကျေးရွာအနီးတွင် ဖြစ်ပွားနေသောကြောင့် ပျက်ဆီးဆုံးရှုံးမှုကို မသိရသေးကြောင်း ဆိုသည်။

"ဒီနေ့ မနက်က တိုက်ပွဲမစသေးဘူး၊ စစ်တပ်ဘက်ကတော့ တရစပ်စစ်ကြောင်းထိုးနေတယ်၊ ဖြစ်လာနိုင်တယ်"ဟု အင်းတော်တော်လှန်ရေးအဖွဲ့ (IR Revolution)ကတာဝန်ရှိသူတစ်ဦးကဆိုသည်။

မိုးညှင်းမြို့ဘက်မှ ဆင်းလာသည့် တပ်ဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းအခြေအနေများကို အသေးစိတ်မသိရသေးကြောင်းဆိုသည်။

လက်ရှိတွင် ပေပင်၊ ကျောက်အိုင်၊ စီးမော်၊ တောင်ကြီးကျေးရွာများရှိဒေသခံများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မိုးညှင်းမြို့

#IRRevolution

#KIA

#PDF

#မီးရှို့ဖျက်ဆီးခြင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required