နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရွှေနှင့် ဒေါ်လာအမှု အယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ​လျှောက်လဲချက်ကြားနာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရွှေနှင့် ဒေါ်လာအမှု အယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ​လျှောက်လဲချက်ကြားနာ

အောက်တိုဘာ ၇

မဇ္စျိမ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာ ရာဇဝတ်အယူခံအမှုနှင့် ပတ်သက်ပြီး ယနေ့ အောက်တိုဘာ ၆ရက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

အမှုကို ပြည်​ထောင်စုတရားလွှတ်​တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ရုံးထိုင်ကြားနာခဲ့ပြီး စီရင်ချက်ချမှတ်ရန် သီးသန့်ထား​ကြောင်း တရားလွှတ်​တော်ချုပ်၏ Websiteတွင်​ ဖော်ပြထားသည်။

အမှုနှင့် ပတ်သတ်ပြီး စီရက်ချက်ချမှတ်မည့် ရက်အတိအကျကိုမူ မသိရ​​သေး​​ကြောင်း တရားရုံးနှင့် နီးစပ်သူများက ​ပြောသည်။

အဆိုပါ အမှုမှာ NLDအစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာ ပေးခဲ့ကြောင်း စွပ်စွဲထားသည့် အမှုဖြစ်သည်။

ရွှေနှင့်​ဒေါ်လာများ ​ဒေါ်​အောင်ဆန်းစုကြည်ထံ ​​ပေးခဲ့​ကြောင်း ဦးဖြိုးမင်းသိန်းက ၂၀၂၁ခုနှစ် အောက်တိုဘာ ၁ ရက်​နေ့ ရုံးချိန်းတွင် လိုပြသက်​သေအဖြစ် ထွက်ဆိုခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အ​ပေါ် "အဓိပ္ပါယ်မဲ့ကြောင်း”ဒေါ်​အောင်ဆန်းစုကြည်က "All Absurd"ဟု မှတ်ချက်​ပေးခဲ့သည်။

တရားလို၊ တရားလိုပြသက်​သေများနှင့် စွပ်စွဲခံရသူကို စစ်​ဆေးပြီး​နောက် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်​နေ့တွင် ​ဒေါ်​အောင်ဆန်းစုကြည်ကို အထူးတရားရုံးက ​ထောင်ဒဏ် ​ငါးနှစ်ချမှတ်ခဲ့ရာ ၎င်း၏ ​​ရှေ့​နေအဖွဲ့က ပြည်​ထောင်စုတရားလွှတ်​တော်ချုပ်အထိ အယူခံ အဆင့်ဆင့်တက်ခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

ထို့အပြင် ယ​နေ့ ပြည်​​ထောင်စုတရားလွှတ်​တော်ချုပ်၌ NLDအစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်အပေါ် အမိန့်ချထားသည့် အဂတိတစ်မှု အယူခံနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအပေါ် အမိန့်ချထားသည့် အဂတိအမှု ငါးမှု အယူခံကိုလည်း ကြားနာခဲ့​ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

#တရားလွတ်တော်ချုပ်

#နေပြည်တော်

#NLD

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required