မြောင်နယ်က အဖွားအို စစ်ကောင်စီ၏ နင်းမိုင်းမိ၍ သေဆုံး

မြောင်နယ်က အဖွားအို စစ်ကောင်စီ၏ နင်းမိုင်းမိ၍ သေဆုံး

October 7

ကော်သူးလေ (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းလှကျေးရွာမှ အသက် ၆၀ အရွယ် ဒေသခံအဖွားအိုတစ်ဦး စစ်ကောင်စီတပ်က ထောင်ခဲ့သည့်နင်းမိုင်းမိသဖြင့် နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရသည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဒေါ်တင်စန်းအမည်ရှိ ယင်းအဖွားအိုမှာ နေအိမ်ရှိ မီးဖိုချောင်အတွင်း နင်းမိုင်းမိ၍ မျက်စိတစ်ဖက်ပွင့်ထွက် ခြေတစ်ဖက်ပြတ်ထွက်ကာ အသက်ဆုံးပါးခဲ့ရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးထံမှ သိရသည်။

“စစ်ကြောင်းထိုးတုန်းက မင်းလှရွာကိုရောက်တဲ့အချိန်မှာ သူတို့မိုင်းထောင်ထားခဲ့တာ။ မီးဖိုချောင်ထဲက ကျောက်ပြားအောက်မှာ ထောင်ထားတာ။ ပြန်ဝင်နေနေတာက တစ်လလောက်ရှိပြီ ကိုယ့်အိမ်ကိုယ်ပြန်ဝင်ပြီးအလုပ်လုပ်နေတာ။ မနေ့ကမှ အဲ့ကျောက်ပြားပေါ်နင်းမိပြီး အောက်ကမိုင်းက ထကွဲသွားတာ။ မိုင်းရှိမှန်း မသိလိုက်ဘူးပေါ့”ဟု CDSOM တာဝန်ခံ ကိုနွေဦးက ပြောပြသည်။

အဆိုပါစစ်ကြောင်းမှာ စက်တင်ဘာလ ၄ ရက်နေ့က မင်းလှရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ချိန် ထို နင်းမိုင်းအားထောင်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်းနှင့် အခြားမိုင်းများလည်း ထပ်ရှိနိုင်သေးကြောင်း သူက သုံးသပ်ပြုပြောဆိုသည်။

“အဲဒါသူတို့ စစ်ကောင်စီသုံးတဲ့ဟာတွေ၊ နင်းမိုင်းပေါ့နော်။ ရန်သူက ကိုယ့်နောက် လိုက်မလာနိုင်အောင်လို့ ပြီးလိုရှိရင် ကိုယ့်နယ်မြေထဲ ရန်သူ့တပ်လာလို့မရအောင် ပတ်ပတ်လည်ကာထားတဲ့သဘောမျိုးပေါ့ အဲလိုထောင်တဲ့မိုင်းမျိုး”ဟု ကိုနွေဦးက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ကလည်း မြောင်နယ်ရှိ ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်များ ခိုလှုံလေ့ရှိသည့် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်း သုံးလုံး တွေ့ရှိသဖြင့် နယ်မြေခံကာကွယ်ရေးတပ်ဖြစ်သည့် ဗိုလ်တောက်ထွန်းအဖွဲ့မှ ရှင်းလင်းပေးခဲ့ရသေးသည်။

သို့ဖြစ်၍ ဒေသခံများအနေဖြင့် မိုင်းကိုသတိပြုမိစေရန်နှင့် အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရန် ရှောင်ရန်အချက်များကို ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံအသိပညာပေးပြောဆိုမှုများ ပြုလုပ်လျှက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကာကွယ်ရေးတပ်ဖွဲ့များ

#စစ်ဘေးရှောင်များ

#စစ်ကောင်စီ

#မြောင်မြို့နယ်

#CDSOM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly