ထိုင်းနေ့ကလေးထိန်းကျောင်း၌ လူ ၃၀ ကို သတ်ဖြတ်ခဲ့သည့် ရဲဝန်ထမ်းဟောင်းက မိသားစုကို သတ်ဖြတ်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင် 

ထိုင်းနေ့ကလေးထိန်းကျောင်း၌ လူ ၃၀ ကို သတ်ဖြတ်ခဲ့သည့် ရဲဝန်ထမ်းဟောင်းက မိသားစုကို သတ်ဖြတ်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင် 

အောက်တိုဘာလ ၆ ရက်

ထိုင်းနိုင်ငံတွင် နေ့ကလေးထိန်းကျောင်းတစ်ကျောင်းကို ရဲဝန်ထမ်းဟောင်းတစ်ဦးက ကြာသပတေးန့တွင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ လူအနည်းဆုံး ၃၀ သေဆုံးပြီးနောက်တွင် ၎င်း၏ မိသားစုကိုလည်း သတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။ 

ပြောင်းချောသေနတ်၊ ပစ္စတိုနှင့် ဓားတို ကိုင်ဆောင်ခဲ့သည့် ယင်း တိုက်ခိုက်သူသည် နောင်ဘူယာလမ်ဖူပြည်နယ်ရှိ နေ့ကလေးထိန်းကျောင်းကို နေ့လယ် ၁၂ နာရီခွဲခန့်၌ ဝင်ရောက်စီးနင်းပစ်ခတ်ပြီးနောက် ပစ်ကပ်ကားဖြင့် အခင်းဖြစ်ရာမှ ထွက်ပြေးသွားခဲ့သည်။ 

“ပစ်ခတ်မှုအတွင်း သေဆုံးသူဟာ အနည်းဆုံး ၃၀ ရှိပါတယ်”ဟု ထိုင်းဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ အနုချာ ဘူရာပါချိုင်ရီက ပြောသည်။ 

သေဆုံးသူများတွင် ကလေးငယ်၂၃ ဦး ပါဝင်ကြောင်း တိုက်ခိုက်မှုရာ ပြည်နယ်မှ ရဲမှူး ဂျက်ကာပတ် ဝီဇီထရိုင်သာယာက ပြောသည်။ 

တိုက်ခိုက်မှု ကျူးလွန်ပြီးနောက်တွင် သေနတ်သမားသည် နေအိမ်သို့ ပြန်သွားခဲ့ပြီး ၎င်း၏ ဇနီးနှင့် ကလေးတို့ကို သတ်ဖြတ်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်ဟု ဂျက်ကာပတ်က ဆိုသည်။ 

ယင်း သေနတ်သမားသည် အသက် ၃၄ နှစ်ရှိ ပန်ယာ ခါမရတ်ဆိုသူဖြစ်ပြီး မူးယစ်ဆေးသုံးသဖြင့် ပြီးခဲ့သည့်နှစ်က ရဲတပ်ဖွဲ့မှ ထုတ်ပယ်ထားသူဖြစ်သည်ဟု ၎င်းက ပြောသည်။ 

အသက် ၃၁ နှစ်အရွယ် မျက်မြင်အမျိုးသမီးတစ်ဦးဖြစ်သူက သူ၏ ဈေးဆိုင်သို့ ဆိုင်ကယ်စီးသွားစဉ် ကားမောင်းထွက်ပြေးလာသော ပန်ယာနှင့် ထိပ်တိုက်တိုးမလို ဖြစ်ခဲ့ကြောင်း ပြောဆိုသည်။ 

“သူ့ ပုံစံက လမ်းတစ်လမ်းလုံး ရှိသမျှကို ဝင်တိုက်ချင်နေပုံပဲ”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။ 

“ဆိုင်ကယ်တစ်စီးကိုလည်း တိုက်ချသွားလို့ လူ နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်၊ ကျွန်မတောင် မနည်းရှောင်ခဲ့ရတယ်”ဟု ယင်း မျက်မြင်အမျိုးသမီးက ပြောသည်။ 

“နေရာတိုင်း သွေးသံရဲရဲနဲ့ပဲ”ဟု ၎င်းက ပြောရင်း ယခု အရပ်တွင် တိုက်ခိုက်သူကို ကောင်းကောင်းသိကြပြီး မူးယစ်ဆေး စွဲနေသူဖြစ်သည်ဟု ဖြည့်စွက်ပြောသည်။ 

မူးယစ်ဆေးဝါး ကုန်ကူးမှုများနှင့် မူးယစ်ဆေးဝါး အလွဲသုံးမှုများအတွက် နာမည်ဆိုးဖြင့် ကျော်ကြားရာ အရှေ့တောင်အာရှ၏ ရွှေတြိဂံနယ်မြေသည် ထိုင်းနိုင်ငံအတွင်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly