ဆန္ဒပြမှုများကို ဖြိုခွင်းခြင်းအတွက် အီရန်က ‘ဆုံးရှုံးမှုများ’ ရင်ဆိုင်ရမည်ဟု ဂျိုး ဘိုင်ဒင် သတိပေး 

ဆန္ဒပြမှုများကို ဖြိုခွင်းခြင်းအတွက် အီရန်က ‘ဆုံးရှုံးမှုများ’ ရင်ဆိုင်ရမည်ဟု ဂျိုး ဘိုင်ဒင် သတိပေး 

အောက်တိုဘာလ ၄ ရက်

မာရှာ အမီနီ သေဆုံးရခြင်းကြောင့် ဖြစ်ပွားသော ဆန္ဒပြမှုများကို သေလောက်သော အင်အားဖြင့် ဖြိုခွင်းခြင်းများအတွက် အီရန်နိုင်ငံအပေါ် “နောက်ထပ် ဆုံးရှုံးမှုများ” ကျရောက်အောင် အမေရိကန်က လုပ်ဆောင်သွားရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ဂျိုး ဘိုင်ဒင်က ပြောသည်။ 

အမေရိကန်သည် “သူတော်ကောင်းယောင် ဆောင်နေသည်” ဆိုသော အင်္ဂါနေ့က အီရန်၏ စွပ်စွဲပြောဆိုမှုများကို တုံ့ပြန်လိုက်ခြင်းပဲ ဖြစ်သည်။ 

အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည့် အမီနီသည် အမျိုးသမီးများ လိုက်နာရန် လိုအပ်သည့် ခေါင်းစည်းပုဝါခြုံခြင်းနှင့် လုံလုံခြုံခြုံ ဝတ်ဆင်ရခြင်းတို့ကို ချိုးဖောက်သည် စွပ်စွဲလျက် နာမည်ဆိုးဖြင့် ကျော်ကြားသော ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ ဖမ်းဆီးချုပ်နှောင်ထားရာတွင် ရက်အတော်ကြာ စက်တင်ဘာ ၁၆ ရက်၌ သေဆုံးကြောင်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။ 

အမီနီ ထိုသို့ သေဆုံးရမှုအတွက် စိတ်ဆိုးဒေါသထွက်ကြရာ အီရန်နိုင်ငံတွင် သုံးနှစ်နီးပါးအတွင်း အကြီးဆုံး ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လာခဲ့သည်။ ဆန္ဒပြမှုများကို ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူ ၂၀၊ ၃၀ နီးပါး သေဆုံးရပြီး ဖမ်းဆီးခံရသူပေါင်း ၁၀၀၀ ကျော်ထက်မနည်း ရှိသည်။ 

“အခု သီတင်းပတ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်ကြသူတွေအပေါ် အမေရိကန်ဟာ ထပ်တိုး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်တစ်ရပ်၌ ဘိုင်ဒင်က ပြောသည်။ “အီရန်တာဝန်ရှိသူတွေကို တာဝန်ခံဖို့ ကျွန်တော်တို့ ရပ်တည်နေဆဲ ဖြစ်သလို လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိတဲ့ အီရန်ပြည်သူတွေရဲ့ အခွင့်အရေးကို ဆက်လက်ထောက်ခံဆဲပဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

ဆန္ဒပြသူများကို ပြင်းပြင်းထန်ထန် ချေမှုန်းသည့် သတင်းများအတွက် “အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း”နှင့် အမေရိကန်အနေဖြင့် “ကမ္ဘာကို လှုံ့ဆော်မှု ပေးနိုင်အောင် သတ္တိပြနိုင်ကြသည့် အီရန်ပြည်သူအားလုံးနှင့်” ရပ်တည်နေကြောင်းလည်း ဂျိုး ဘိုင်ဒင်က ပြောသည်။ 

တီဟီရန်မြို့တော်က Sharif University of Technology တက္ကသိုလ်တွင် တနင်္ဂနွေနေ့ညက “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်ရေး” ဆိုပြီး ကြွေးကြော်ကြသည့် ကျောင်းသားကျောင်းသူ ရာပေါင်းများစွာကို အီရန် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ မျက်ရည်ယိုဓာတ်ငွေ့များ၊ နာကျင်စေသော လက်နက်များဖြင့် ဖြိုခွင်းခဲ့သည့်နောက် လူ့အခွင့်အရေးအုပ်စုများကလည်း အလွန်စိုးရိမ်ပူပန်ကြောင်း ပြသခဲ့ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly