အင်ဒိုနီးရှား ဘောလုံးပွဲ လူအုပ်ပြိုမှု၌ အထက်တန်းအရာရှိကြီးများကို စုံစမ်းစစ်ဆေးနေ 

အင်ဒိုနီးရှား ဘောလုံးပွဲ လူအုပ်ပြိုမှု၌ အထက်တန်းအရာရှိကြီးများကို စုံစမ်းစစ်ဆေးနေ 

အောက်တိုဘာလ ၄ ရက်

ဘောလုံးသမိုင်းတစ်လျှောက် အသေအဆုံး အများဆုံး ဘေးအန္တရာယ် ကျရောက်မှုများမှ တစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက ကလေး ဒါဇင်များစွာ အပါအဝင် လူပေါင်း ၁၂၅ ဦး သေဆုံးခဲ့ရသည့် ဘောလုံးပွဲ လူအုပ်ပြိုမှုတွင် အထက်တန်းလွှာ အရာရှိကြီးများကို အင်္ဂါနေ့၌ စုံစမ်းစစ်ဆေးလျက် ရှိသည်။ 

ယင်း စိတ်မကောင်းစဖွယ် ဖြစ်ရပ်ဆိုးအပေါ် အများပြည်သူ စိတ်ဆိုးဒေါသထွက်မှုများ ကြီးထွားလာခြင်းကြောင့် ရဲတပ်ဖွဲ့သည် တာဝန်မကင်းသူများကို အပြစ်ပေးနိုင်ရေးအတွက် လုပ်ဆောင်လျက် ရှိသည်။ မာလန်မြို့က ဘောလုံးပွဲတွင် စည်းရိုးကို ကျော်တက်သူများအား ထိန်းနိုင်ရေးအတွက် လူအုပ်အတွင်းသို့ တာဝန်ရှိသူများက မျက်ရည်ယိုဓာတ်ငွေ့များ ပစ်သွင်းခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောသည်။ 

ကျဉ်းကျုပ်သော လှေကားထစ် ပွဲကြည့်စင်မှ ဘောလုံးပွဲပရိသတ်ကို လက်လွတ်စပယ် ပစ်မှတ်ထားခြင်းကြောင့် ယခုကဲ့သို့ လူသေဆုံးမှုများ ဖြစ်ရသဖြင့် တာဝန်မကင်းသော အရာရှိများကို တရားစွဲဆိုသွားမည်ဆိုလျက် Arema FC အသင်း ပရိသတ်များက တရားရေးတိုင်ကြားချက်များ လက်ခံရန် မာလန်မြို့တွင် တနင်္လာနေ့၌ ယာယီစင်တာတစ်ခု ဖွင့်လှစ်ထားသည်။ 

ဘောလုံးပွဲတွင် ပရိသတ်များက ကွင်းထဲသို့ ကျူးကျော်လာကြပြီး အခြေအနေမှာ အဓိကရုန်းသဖွယ်ဖြစ်ကာ တာဝန်ရှိသူနှစ်ဦး သေဆုံးရသည်ဟု ရဲက ဖြစ်ရပ်ကို ဖော်ပြသော်လည်း အသက်ရှင်လွတ်မြောက်သူများက ရဲတပ်ဖွဲ့သည် လွန်လွန်ကဲကဲ တုံ့ပြန်ကြသည်ဟု ဆိုကြသည်။ 

“အဓိကရုန်းဆိုရင်လည်း ကွင်းထဲကိုပဲ မျက်ရည်ယိုဓာတ်ငွေ့ ပစ်သွင်းရမှာပေါ့၊ ခုတော့ လူပြည့်သိပ်နေတဲ့ ပွဲကြည့်စင်ဆီ ပစ်သွင်းတာဖြစ်တယ်”ဟု Arema FC အသင်းကို အားပေးသူ ဒန်နီ ပရာဆီတီယိုက အေအက်ဖ်ပီသို့ ပြောသည်။ 

“သေဆုံးသူ အများစုက အဲဒီ ပွဲကြည့်စင်မှာ ရှိနေသူတွေပဲ မျက်ရည်ယိုဓာတ်ငွေ့ ပစ်သွင်းခံရလို့ ကြောက်လန့်တကြား ဖြစ်ကြရာကနေ လူအုပ်ပြိုတော့တာပဲ”ဟု ၎င်းက ပြောသည်။ 

ယခု ရုံးပိတ်ရက် ကျော်ပြီးတောင် သံသယရှိသူများကို မဖော်ထုတ်လာဘူးဆိုလျှင် Arema ပရိတ်သတ်များအနေဖြင့် အကြီးစားစုရုံးဆန္ဒပြမှု ဆင်နွှဲမည်ဖြစ်ကြောင်း စင်တာရှိ ထောက်ခံသူတစ်ဦးက ပြောသည်။ 

ဌာနေရဲတပ်ဖွဲ့အကြီးအကဲကို တနင်္လာနေ့က အစားထိုးခန့်အပ်ပြီး အရာရှိ ကိုးဦးကို ရာထူးမှ ဆိုင်းငံ့ကာ အခြား ၁၉ ဦးကို စစ်ဆေးမေးမြန်းလျက် ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly