စစ်သားသစ် စုဆောင်းရေး လုပ်ငန်းစဉ်တွင် အမှားအယွင်း ဖြစ်၍ ရုရှ စစ်ဘက်အရာရှိ ရာထူးချခံရ

စစ်သားသစ် စုဆောင်းရေး လုပ်ငန်းစဉ်တွင် အမှားအယွင်း ဖြစ်၍ ရုရှ စစ်ဘက်အရာရှိ ရာထူးချခံရ

အောက်တိုဘာလ ၃ ရက်

ယူကရိန်းစစ်ပွဲအတွက် လူထောင်နှင့်ချီကို မှားယွင်းပြီး စစ်သားသစ် စုဆောင်းခဲ့မိသည့် ဖြစ်စဉ် ဖြစ်ပြီးနောက် ရုရှ အရှေ့ဘက်စွန်း ဒေသတစ်ခုမှ စစ်သားစုဆောင်းရေးအရာရှိတစ်ဦး ရာထူးချခံလိုက်ရကြောင်း ဒေသအရာရှိတစ်ဦးက အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

“ခါဘာရော့ဗ်စ် ဒေသရဲ့ စစ်ဘက်အရာရှိ ယူရီ လိုင်ကို ကို ရာထူးချလိုက်တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် သမ္မတက ကျွန်တော်တို့ကို တာဝန်ပေးထားတဲ့ လုပ်ငန်းတာဝန်တွေ ပြီးမြောက်မှုအပေါ် ထိခိုက်မှုတော့ ရှိမှာ မဟုတ်ပါဘူး” ဟု ဒေသ၏ အုပ်ချုပ်ရေးမှူး မစ်ခေးလ် ဒက်တ်ယာယော့ဗ်က ပြောသည်။

ရာထူးမှ ဖယ်ထုတ်မှုအတွက် အကြောင်းရင်း အတိအကျကို ၎င်းက မပြောခဲ့သော်လည်း စစ်သားသစ် စုဆောင်းမှု လုပ်ငန်းစဉ်တွင် အမှားအယွင်းများ ရှိခဲ့ကြောင်း ပြောသည်။

“ပြီးခဲ့တဲ့ ၁၀ ရက်တာအတွင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြီး စစ်သားစုဆောင်းရေးရုံးတွေဆီ ရောက်လာကြတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသား ထောင်ချီအနက်က တစ်ဝက်လောက်ကို စစ်သားရွေးချယ်ရေး စံသတ်မှတ်ချက်တွေနဲ့ မကိုက်လို့ဆိုပြီး အိမ်ပြန်လွှတ်ခဲ့ရပါတယ်” ဟု ဒက်တ်ယာယော့ဗ်က ပြောသည်။

“တစ်စိတ်တစ်ဒေသ စစ်စည်းရုံးမှုဟာ သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထားတဲ့ သတ်မှတ်ချက်တွေကိုပဲ လိုက်နာသင့်ပါတယ်။ အလွဲသုံးစားလုပ်တာမျိုးကို တားဆီးရပါမယ်” ဟု ၎င်းက ပြောသည်။

ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းစစ်ပွဲအတွက် ရုရှနိုင်ငံသား သိန်းချီကို စစ်သားသစ် စုဆောင်းရန် စက်တင်ဘာ ၂၁ ရက်က အမိန့်ထုတ်ခဲ့ရာတွင် ယင်းအပေါ် ဆန့်ကျင်မှုများ ပေါ်ပေါက်ခဲ့သလို အမျိုးသားအများအပြား ရုရှနိုင်ငံမှ အလုံးအရင်းထွက်ခွာမှုကို ဖြစ်ပေါ်စေခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly